Saturday, August 9, 2008

တဦးတည်း ဆည်းဆာ



အိမ်ရှေ့ သမံသလင်းပေါ်က ဂမုန်းအိုး များကို ရေလောင်းနေရင်း သေသွားသော နွယ်ပန်းပင်လေးနှစ်ပင် ၏ ခြောက်သွေ့မှုကို မမှိတ်မသုန်ကြည့်နေမိ၏။
အရင်တုန်းကတော့ ခရမ်းရောင်လေးတွေပွင့်နေကြ ခုတော့ ခြောက်သွေ့သော ပင်စည် ကိုင်းခက် သစ်ရွက်များဖြင့်...။

အချို့သောသစ်ရွက်များက ပင်စည် ကိုင်းခက် များပေါ်မှာ ငုတ်တုတ်ခြောက်သွေ့ နေကြ၏ ။ ပြိုလဲမကျသွားသေး။ လွင့်မျော ပျောက်ဆုံးမသွားသေး ....။

ဆေးရောင်စုံတို့ ပေကျံနေသော အကျီ င်္ ဟောင်း က ရင်ဘတ်ဟကွဲ ..။
အောက်ဆုံး ကြယ်သီးတလုံးကတော့ တစ်ထည်တည်းသော ယောပုဆိုးလေး ပြန်လည်ဖာထေး ပြုပြင်ဝတ်ဆင်လို့ မရသည့် အဆုံး ရေချိုးခန်း ခြေသုတ်ဝတ်မဖြစ်ခင်ကာလ ကတည်းက ပုဆိုးကို ဒေါနှင့်မောနှင့် စည်းလိုက်ချိန်တွင်
ပြုတ်သွားခဲ့ရ၏။


သမံသလင်းပေါ်သို့ ကျကျ နန တင်ပလ္လင်ခွေထိုင်ချရင်း အနောက်ဖက် မှ လင်းဖြာဆဲရှိသေးသော နေရောင် အိုအို၏ ဖျားနာ ရောင်ခြည် အောက်မှ မြက်ခင်းစိမ်းတို့၏ စိမ်း ၀ါ စိမ်းနု အရောင်တို့ အား ငေးနေမိ၏။
သစ်တောကြားမှ ဖြတ် သန်းလာသော နေရောင်သည် မြက်ခင်း တခုလုံးကိုတော့မင်းမူနိုင်စွမ်းမရှိတော့ ။ သစ်ရိပ်များ အောက်မှ မြက်တို့သည်ကား စိမ်းရင့်ရောင် စိမ်းမှောင်ရောင် ...။
လေ အဝှေ့တွင် မာဆတ်ဆတ် လှုပ်ယမ်းတုန်ခါနေသော မြက်ပင်တို့၏ ထိပ်ဖျားတွင် ပုရွက်ဆိတ်တစ်ကောင်တလေများ ရှိနေမလား ။

ပြီးတော့ ထိုပုရွက်ဆိတ်က မြက်ပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ဆီမန်းမန်းသလို “ ခြေမမြဲ လက်မြဲပါစေ ၊ လက်မမြဲ ခြေမြဲပါစေ” ဟုများ ဆုတောင်းနေမလား။

ရေခရားလေး ကိုကြည့်မိပြန်တော့ ရေခရားလေး တွင်းမှ ရေတို့သည် ငြိမ်သက် ကြည်လင်လျှက်။
ရေခရားလေးသည် ကြေးနီ ခရားလေးဖြစ်သည့်အလျှောက် ကြေးနီရောင် ကြမ်းပြင်ကို ရေထုကိုဖြတ်လျှက်မြင်နေရ၏။
ထိုရေခရားလေးသည် ကြေးနီအစစ် ဖြစ်မဖြစ် ဆိုသည်မှာ ကျနော်သိရန် တခါမှ မကြိုးစားမိသော ကိစ္စဖြစ်၏။
ထိုရေခရားလေးကို စက်ဖြင့် ပြုလုပ်သလော ။ လက်ဖြင့် တဆင့်ချင်း ကျကျနနပြုလုပ်သလော ကျနော် မသိ။
ထိုရေခရားလေး၏ ပိုင်ရှင်ဟောင်းသည် ထိုရေခရားလေးကို မည်ကဲ့သို့ အသုံးပြုခဲ့သည်ကျနော်မသိ။
ထိုရေခရားလေးကို အဟောင်းဆိုင်တွင် တွေ့ ခဲ့စဉ်ကာလ က အိမ်၌ရှိသော ပန်းပင် ပန်းအိုးလေးများအား ရေလောင်းရာတွင်အသုံးပြုမည် ဟူသော ရည်ရွယ်ချက်တခုဖြင့် သာ ၀ယ်ယူလာခဲ့ပြီး
ထိုရေခရားလေးသည် ကျနော်ရည်ရွယ်ခဲ့သော တာဝန်ကို ကျနော် အပျင်း မထူ ချိန်တိုင်း သတိမမေ့ချိန်တိုင်းတွင် တာဝန်ကျေပွန်စွာထမ်းဆောင်နေကြ။


ဂမုန်းပင်များသည် စိုပြေထွားကျိုင်းလျှက် အကိုင်း ပျော့များ နွယ်ယှက် တိုးထွက် လွင့်တက်နေကြသလို ဂမုန်းရွက်တို့ သည်လည်း ရေစို မျက်နှာပြင် စိမ်းပျော့ အိ ညက် ၏ အပေါ်တွင် လှဲချ ငြိမ်သက်နေသော နေမင်း၏ နောက်ဆုံးမိနစ် ရောင်ခြည်များအား
အားရှိသမျှ ပြန်လည်တွန်းထုတ်နေသလော အငမ်းမရ စုပ်ယူနေသလော ကျနော်မသိ သို့သော် အိပ်တွင်း တခြား ဖက် နံရံ ထိ အလင်းပြန် အလင်းရိပ်တို့ ထင်ဟပ် လှုပ်ရှားနေ၏။

လွန်ခဲ့သော ငါးနှစ်က ဂမုန်းပင်လေးတစ်ပင် ၀ယ်ယူခဲ့ပြီး ယခုတော့ ဂမုန်းအိုး သုံးအိုးဖြင့် ပွားများ ဖြစ်ထွန်းနေသော ဂမုန်းပင်များအားကြည့်နေမိစဉ် ဂမုန်း သဘာဝ ၊ ရွက်ကျပင်ပေါက် ရှင်သန်မှု၏ ဂုဏ်သတ္တိကို တွေးတောနေမိရင်း အိမ်တွင်းသို့ပြန်ဝင်လာခဲ့၏။

စာကြည့်ခုံ အံဆွဲထဲမှ ကပ်ကျေး တစ်လက်ကို ထုတ်ယူလိုက်ကာ ဂမုန်းအိုးများရှိရာသို့ပြန်လာခဲ့ပြီး ခြောက်သွေ့ သေဆုံးနေသော နွယ်ပန်းပင်လေးနှစ်ပင်အား ခြောက်သွေ့သော မြေသားများနှင့် ဈာပနတစ်ခုချင်းကို သူ့ခန္ဓာကိုယ်ဖြင့် လွယ်ထား ရသော ပန်းအိုးထဲမှ ဖွဖွဖြေးဖြေး ဆွဲထုတ်ယူလိုက်၏။ ပြီးတော့ ရေခရားလေးထဲမှ ရေ အနည်းငယ်စီကို လောင်းလိုက်ကာ လွန့် လူး ယိမ်းနွဲ့ နေသော ဂမုန်း ကိုင်းများအား ကတ်ကျေးဖြင့်ဖြတ်လိုက်၏ ။

ဂမုန်းကိုင်းဖြတ်စ လေးခု ကို နှစ်ခုစီခွဲကာ ပန်းအိုးလေး နှစ်အိုးတွင်း သေချာ ဖိထိုး မြေစာဖို့  ထည့်ရင်း ရှေ့သစ်တောကြားမှ မြက်ခင်းပြင်အားကြည့်လိုက်မိသော အခါ နေရောင် ပျောက်လု အမှောင်ရိပ်ကြီးစိုး တော့မည့် စပ်ကူးမတ်ကူးကာလတွင်
စတင်ပျံသန်း ဟန်ရေးပြနေပြီဖြစ်သော ပိုးစုန်းကြူး လေးများ ကိုတွေ့ လိုက်ရ၏။

ယခုတော့ နွယ်ပန်း နှစ်ပင် ၏ အရိုးစု နေရာတွင် စိမ်းလန်း သန်မာသော ဂမုန်း ပင်အသစ်များ နေရာယူလျှက် ...။ ယခု အချိန်တွင် ကျနော့်အိမ်ရှေ့မှ တစုံတယောက်ဖြတ်သွားရင်း ကျနော့် ဂမုန်းအိုးများကိုသတိထားမိမည် ဆိုပါက
ထိုဂမုန်းအိုးလေးများသည် အစကနဦးကတည်းကပင် ဂမုန်းပင်များ ရှင်သန်ခဲ့ သည် ဟု ပင် ထင်ပါလိမ့်မည်။

ကျနော်သည် နွယ်ပန်းပင်ခြောက်လေးနှစ်ခုကို အသာအယာ သတိဖြင့် ကိုင်တွယ်ရင်း အိမ်တွင်းသို့ ၀င်လာခဲ့ပြီး သစ်သားဖြင့် ပြုလုပ်ထားသော ဆင်စွယ်ဖြူရောင် သေတ္တာ ကလေးကိုဖွင့်ကာ အနီရောင်ကတ္တီပါစကလေးကိုဖြန့်ခင်းလျှက် နွယ်ပန်းပင်ခြောက်လေးနှစ်ပင်အား
အသာအယာ သိမ်းဆည်းပြီး ငွေရောင် သော့ချောင်းကလေးဖြင့် ပိတ်ကာ ကျနော် အမြတ်နိုးဆုံး စာအုပ်စင်လေး၏ အပေါ်သို့ ဖြေးညှင်းစွာပြန်တင်လိုက်ရင်း ဆို့လှိုက် နင့် နစ် လာသော ရင်အစုံဖြင့်
ထိုနွယ်ပန်းပင်လေးနှစ်ပင်ကို ၀ယ်လာခဲ့စဉ်က အဓိပ္ပါယ်ဖွင့်ဆို မှုကလေး ကို သတိမရမိအောင်ကြိုးစား လျှက်..................။

ထိုနွယ်ပန်းပင်လေး နှစ်ပင်သည်သာ သိပ်ချစ်သော ချစ်သူများဖြစ်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦးသေသည်အထိမျက်စိအောက်ကအပျောက်မခံ နေခွင့်ရခဲ့သလိုသာ ......................................................။



ငြိမ်းဇေဦး

No comments:

Post a Comment