Monday, May 26, 2008

ကျနော်၏အိပ်ယာဝင် ပုံပြင်





အိပ်ယာဝင်ပုံပြင်တွေ ခုံမင်တဲ့ကောင်မလေးရေ
တညသားမှာ ငါ့အပါးမခွာ ချွဲ ဂျီတတ်တဲ့
ဖားကပ်မလေးတကောင်ရှိသတဲ့...။

သူဟာငါ့အတွက် အလှနတ်ဘုရား
ကျွဲပါးစောင်းတီးတတ်သူလို့ သူ က
သူ့ကိုယ်သူထင်သတဲ့...။

ငါ ကတော့ ဘ၀ကို ဆွဲဆန့်လို့
ပန်းရနံ့တွေကြားမှာ သူ့ကို ခွေရစ်ဖို့ကြိုးစားတဲ့
မြွေ ဖြစ်သတဲ့...။

စကတည်းက မရေရာတဲ့အမှားတွေနဲ့
မြွေနဲ့ဖားဖြစ်တယ်လို့ သူက ယူဆသတဲ့။

ဒီလိုနဲ့ မြွေ ဟာ ဝေဒနာတွေကိုမြိုရင်း
သီချင်းတပုဒ်နဲ့ သူ့ကိုယ်သူ မီးတောင် အ၀မှာ
ဖြုတ်ချသွားသတဲ့..။

ဖားကပ်မလေးကတော့ ကျော့ကျော့လေးခုန်ကူးလို့
မကြုံဖူးအောင် ကပ်တတ်တဲ့ဆွဲအားတွေနဲ့
ငရဲသားတွေမျှားလို့ ညတွေကိုငှားခဲ့သတဲ့ကွယ်...။

ငြိမ်းဇေဦး
ကဗျာရွတ်သံနားထောင်လိုလျှင်

Friday, May 23, 2008

သမုဒယ နတ်ဆိုး




ငါဟာ ဗိုက်သားပေါ်နေတဲ့ ပါးလျလျ ကောင်မလေးရဲ့ ချက် ကလေး ကို ငေးရင်း လျာနဲ့ တို့ထိကစားလိုစိတ်တွေ ကြိတ်မနိုင်ခဲမရဖြစ်လာခဲ့တယ်..။

တိမ်တိုက်တွေကို ငါ မော့ကြည့်လိုက်တယ်…။ အဲဒီကောင်မလေးကို ငါ့ မျက်လုံးတစုံနဲ့ စေ့စေ့ကြည့်ရင်း ဖမ်းစားညှို့ ယူဖို့  ကြံရွယ်လိုက်မိတယ်။ ငါ ဒီကောင်မလေးကို ညှို့လိုက်တော့မယ်…။ ပြီးရင် တိမ်တိုက်တွေပေါ်ကို အသာ အယာ ခုန်တက်သွားမယ် ။ တိမ်သားတွေဖြန့်ခင်းထားတဲ့ကောင်းကင်မှာ အပြာရောင်မျက်နှာကျက်ကို ကောင်မလေးငေးနေတုန်း သူ့ ဗိုက်သားဖြူဝင်း အိစက် လေးကို ငါ ငုံ့နမ်းမယ် ။

သူ့ နှုတ်ခမ်းက ဖွဖွ ဟဟ ငြီးငြူသံလေးတွေပေါ်ထွက်လာပြီဆိုတဲ့အချိန်မှာ ငါ့ ရဲ့ သူငယ်ချင်း ပဉ္စ သိင်္ခကို အချိုဆုံးတေးတွေ တပုဒ်ပြီးတပုဒ် သူ့ရဲ့ နှစ်ချို့ ဟောင်းနွမ်း နေတဲ့ စောင်းတလက်နဲ့ တီးခိုင်းမယ် ။ ပြီးတော့ လက်တွေအများကြီးပါတဲ့ နတ်ဘုရားမ တစ်ပါးကို ငါတို့ အပါးမှာ အပြာရောင် မီးညွန့်တွေတောက်တဲ့ အမွှေးနံ့တွေနဲ့စီရင်ထားတဲ့ဖယောင်းတိုင်တွေထွန်းခိုင်းမယ် ။

ငါ့ရဲ့ နတ်မြင်းပျံဟာ တိမ်ညွန့်တွေကြားမှာ ပန်းချီကားတွေဆွဲနေတဲ့ ဗန်ဂိုးရယ် ၊ မိုနက်ရယ် ၊ ပီကာဆိုရယ် ၊ ရေနွားရယ်နဲ့ ဖြစ်တည်မှုပဓါန ၀ါဒကို ငြင်းခုန်နေတဲ့ ကမြူးရယ် တော်လ်စတွိုင်းရယ် ကို ထိုင်ကြည့်မယ် ။

ငါ က ငါ ခိုးယူ ဖျားယောင်းလာတဲ့ကောင်မလေး ဗိုက်သားဝင်းဝင်းလေးတွေကို နမ်းတော့ ငါ့ ကျောကုန်းပေါ်မှာ အိထွေး နူးညံ့တဲ့ အတွေ့တခုကို ငါရလိုက်တယ် ။ မဏိမေခလာ နတ်သမီးဟာ ငါ့ ကို နောက်ကျောက သိုင်းဖက်လို့ သူမရဲ့ ဆာရီ ပါးပါးလွှမ်းထားတဲ့ နှုတ်ခမ်းတစ်စုံဟာ ငါ့ နှုတ်ခမ်းတစ်စုံကို ကယ်တင်ဖို့ အဆင်သင့်..။

ဒီအချိန်မှာ ကားလ်မာ့က်စ်ဟာ ငါ့ကို အရေးပေါ် ကြေးနန်းတစ်စောင်ပို့နေမယ်ဆိုတာ ငါမသိဘူး ။ လီနင်ဟာ တံဇဉ် တလက်နဲ့ သူ့ ခေါင်းတုံးကို ပြောင်အောင်ရိတ်ခဲ့တယ် ဆိုတာကိုလဲငါမသိခဲ့ဖူး ။ ငါ ဟာ တိမ်တိုက်တွေကြားမှာ ချောကလက် ပါးပါး သုတ်ထားတဲ့ ချစ်သူရဲ့ ခန္ဓာကိုယ်လေးကို တို့ထိအရသာခံဖို့အတွက်
ကမ္ဘာကြီးနဲ့ မျက်နှာပျက်ရမယ်ဆိုလဲ ပျက်စေတော့ လို့  ဆုံးဖြတ်ချက်ချချိန်မှာ ကွမ်ရင် မယ်တော်ရဲ့ တူသေးသေးလေးနဲ့ တုံးခေါက်သံဟာ ငါ့နားထဲမှာ ငါ့ချစ်သူလေးရဲ့ ရင်ခုန်သံအဖြစ် ငါ့သောတအာရုံကို ရိုက်ခတ်နေတယ် ။ ပီပီသသကြားဖို့အတွက် ငါဟာ ငါ့ချစ်သူရဲ့ ရင်သားအိအိတွေအပေါ်က ပါးလျ ဇာ ပုဝါ ကို ဆွဲယူ လွှင့်ပစ်လိုက်မိတယ်…။ ငါ့ချစ်သူရဲ့ ဇာပုဝါကို ဗီးနပ်စ် နတ်ဘုရားမက တညစာ ငှားယူသွားပြီ ။

ချစ်သူရဲ့ ရင်သားအိအိတွေကို ငါ နားထောင်တတ်ခဲ့ပြီ ။ လှိုက်ဖို မောဟိုက်မှုတွေနဲ့။
ညရထားဟာလဲ ထွက်သွားခဲ့ပြီ ။ စင်ဒရဲလား တယောက်လဲ ဖိနပ် တိုက်တဲ့ ကုလားလေးနဲ့အကြောင်းပါသွားခဲ့ပြီ။
ငါဟာလဲ တိမ်တိုက်ပေါ်ကခုန်ချခဲ့လိုက်ပြီ။ ငါညှို့ယူဖမ်းစားခဲ့တဲ့ကောင်မလေးလဲ မိုးအဖြစ်ရွာချခဲ့ပြီ။ အဲဒါတွေအားလုံးကို တမေ့တမောထိုင်ကြည့်နေတဲ့ လမင်းဟာ ပုန်းခိုချောင်းကြည့်နေတဲ့ ခြုံကွယ်ကထွက်လာခဲ့ပြီ ။
တကယ်တော့ငါဟာ သူ့ချစ်သူလားဆိုတာ ငါလဲ ရေရေရာရာမသိဘူး ။
ဒါပေမယ့်ငါ ဟာ မျက်ရည်ကြည်တွေနဲ့ အဲဒီပန်းချီကားကိုဆွဲလိုက်မိပြီးဖြစ်တယ် ။ ပြီးတော့အဲဒီပန်းချီကားကို လမင်းသာရဲ့ အလင်းတန်း မျက်နှာပြင်မှာငါချိတ်ခဲ့တယ် .. အလွမ်းတွေနဲ့ကြိတ်ငိုလို့…………။

ငြိမ်းဇေဦး

Wednesday, May 21, 2008

သူပုန်မ တမ်းချင်း







ငါ့သူပုန်မလေးရယ်
နင့်ပါးပြင်ကသနပ်ခါးနံ့လေးတွေ
ငါ သိပ်လွမ်းတယ် ။

ငါ့သူပုန်မလေးရယ်
နင့် နှုတ်ခမ်းသား ဖူးဖူးလေးကို
ငါသိပ်လွမ်းတယ် ။

ငါ့သူပုန်မလေးရယ်
နင့်ကြင်နာမှုလေးတွေ
ငါသိပ်လွမ်းတယ် ။

ငါ့သူပုန်မလေးရယ်
နင့်ရယ်လှိုက်သံလေးတွေ
ငါသိပ်လွမ်းတယ် ။

ငါ့သူပုန်မလေးရယ်
ငါ့ရင်ခွင်ထဲ နင်ရှိနေတဲ့ကာလလေး
နှင်းတွေဖွေးလွ အဲဒီညကို
ငါသိပ်လွမ်းတယ်…………။


ငြိမ်းဇေဦး

Tuesday, May 20, 2008

ဒိုင်ပွဲရပ်


ဝေးမှာ …
ကြောက်လို့ သွေးပျက်။

ပစ်သွားမှာ
ကြောက်လို့ ပြေးထွက်။

အိပ်မက်က
လန့်နိုးရမှာ…
ကြောက်လို့ အေးစက်။

ကြောက် ကြောက်နဲ့
နောက်ကောက် ကျအောင် ထိုးခံခဲ့ရ …။

အချစ်ရယ် ဘ၀ဆိုတာ
ကြိုးဝိုင်းမှ မဟုတ်ခဲ့တာ………။




ငြိမ်းဇေဦး

Sunday, May 18, 2008

စေတသိက်



အာရုံမတက်ခင် ငှက်တွေနိုးကြပြီ
ငါ့ပြတင်းက လမင်းခ အလင်းတန်းနဲ့
ရင်နင့်အောင်လဲလွမ်းရပြီ။

ငါနိုးနေတယ်….
ငါနိုးနေတယ်လေ…
မိုးတိမ်တွေဝိုးတ၀ါးနဲ့
ခပ်ပါးပါးမျောလွင့်..
ကြယ်ပွင့်လေးတွေကို ထုတ်ပိုး
ငါ့ဆီကခိုးယူဖို့လား…။

ငါမသိဘူး
ငါတကယ် မသိချင်ဘူးအချစ်လေး
သွေးပျက်သွားတဲ့ မနက်ခင်းတစ်ခုမှာ
တိတ်တိတ်လေး…
မျက်လုံးအသာမှိတ် ငါဆက်အိပ်နေမယ်
ကြယ်လေးတွေ ပျောက်ဆုံး
လမင်းပုန်းခို
ငှက်တေးသံတွေမချိုတဲ့ မနက်ခင်းမှာ
မင်းမရှိတဲ့အိပ်ယာထက်
ငါအသက်မဲ့သွားခဲ့ရင်….ကောင်းမှာ…………..။

ငြိမ်းဇေဦး

ငယ်ငယ် (သုံး)


အချစ်လေးရယ်... သိပ်လွမ်းတယ်…။
အိမ်ရှေ့ချောင်းကလေးမှာရေသားတွေကြည်လင်စီးဆင်း နေပြီသိလား။ တံတားလေး ဘေးနားတဖက်တချက်စီက ချယ်ရီ ပင်လေးတွေလဲ ပန်းဖျော့နု ပွင့်ဖတ်လေးတွေ ပွင့်လို့ တချို့ဆို ရေစီးနဲ့ မျောယုံလေးမျောသွားနေလိုက်တာ ချစ်သူ့ရင်ခွင်ဘယ်တော့မှပြန်မလှည့်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ထွက်သွားရက်သူလို ပေါ့….။

အချစ်လေးရယ် တကယ်တော့ ကြွေကျသွားတာပါ… စွန့်ခွာသွားတာမဟုတ်ဘူးသိလား..။

အချစ်လေးရယ် အချစ်လေးကို အစားထိုးနိုင်လောက်တဲ့ အကြောင်းပြချက် ကိုကို့ဘ၀မှာ မရှိဘူး ။
အချစ်လေး …ကိုကိုတို့ပန်းချီကားလေးတွေ ဆွဲကြတဲ့ညနေမှာ ကလေးလေးတစ်ယောက်လို ကိုကို့ဘေးမှာ ထိုင်ပြီး အချစ်လေး ပြောခဲ့တာမှတ်မိလားဟင်…။
“ကိုကို ရဲ့ ငယ်ငယ်က အမြဲတန်း ပန်းချီဆွဲရင် ဒီပုံလေးတစ်ပုံပဲဆွဲတတ်တာ”ဆိုသလို လေ….။
အချစ်လေးရယ် ကိုကို့ရင်ထဲက နှလုံးသားဟာ ပန်းချီဆွဲတဲ့ပိတ်ကားတချပ်ဖြစ်ခဲ့ရင် အဲဒီပိတ်ကားပေါ်မှာ ဘယ်လို ဆေးစက်တွေပဲကျခဲ့ကျခဲ့.. ဘယ်လို အရောင်အဆင်းတွေပဲ စွန်းထင်းခဲ့စွန်းထင်းခဲ့ တကယ်တန်းတော့ အဲဒီပိတ်ကားပေါ်မှာ ထာဝရ နေရာယူပြီး အမြဲတန်းလဲ တမ်းတ ဖြစ်နေမယ့် ရုပ်ပုံလွှာလေးနဲ့ အဲဒီပိတ်ကားချပ်ရဲ့ တကယ့် ပိုင်ရှင် ဟာ အချစ်လေးပါကွယ်…။

…….

ကျနော် အိပ်မက်သည်…။
ကျနော့်အိပ်မက်ထဲမှာ.. ကျနော်က ညာဘက်ဘေးစောင်းအိပ်လို့ ကျနော့်နောက်ကျောမှ အိနွေးသောငယ်ငယ့် ရင်သား တစုံ၏ အထိအတွေ့ ပြီးတော့ ကျနော့် လည်တိုင်တွင် ညင်သာ နွေးထွေးသော ငယ်ငယ့် အသက်ရှုသံနှင့်တိုးလျပွတ်တိုက်သွားသော အသက်ရှုမှုလေးများ…။



ကျနော့်အိပ်ယာထဲတွင်ငယ်ငယ်မရှိ ..အိပ်ယာထဲမဆိုထားနှင့် ကျနော်နှင့် နီးသောအရပ်မှာပင် ငယ်ငယ် တကယ်တန်း မရှိနေသည်ကို ကျနော် သိနေမိသည် သို့သော် တပြိုင်နက်ထည်းမှာလဲ ငယ်ငယ်ကျနော့်ကို ဖက်ထားသည်ဆိုသည့်အသိဖြင့် ၀မ်းသာကြည်နူးနေမိ၏။

ငယ်ငယ်က ကျနော့်ကို တင်းကျပ်နေအောင်ဖက်ကာ ကျနော့် နားရွက်ကို သူမ၏နှာသီးဖျားလေးနှင့်ကပ်ကာ တမင် အသက်ရှုသွင်း ရှုထုတ်လုပ်ရင်း ကျီစယ်နေ၏ ။
ပြီးတော့ ကျနော့် လည်တိုင်ကို သူမ၏ နုထွေးပြည့် ငုံ လှပ စွဲဆောင်မှုရှိလှလွန်းသည့် နှုတ်ခမ်းနှစ်မွှာဖြင့် တဖြေးဖြေးချင်းနမ်းထိကျီစယ်ကာကျနော့်ကိုဖြေးညှင်းသော်လည်းအလျင်စလိုရှိလှစွာပက်လက်ဆွဲလှန်လိုက်၏။

ကျနော့် အပေါ်မှ သူမ၏ လှပသောမျက်နှာလေးဖြင့် မိုးကာ ဆံနွယ်များကတော့ သူမ ပုခုံးပေါ်မှကျော်ပြီး ကျနော့် မျက်နှာပေါ်သို့ ဖြောင့်စင်းစွာကျလျက် ..။
လှပသောအပြုံးမျက်နှာလေးဖြင့် မျက်လုံးလှလေးများ တဖြေးဖြေး ကျနော့် မျက်လုံးများဖြင့် နီးလာချိန်တွင် ကျနော်ရော ငယ်ငယ်ရော နှစ်ဦးလုံးမျက်လုံးများဖြေးညှင်းစွာ မှေးစင်းလာသကဲ့သို့ငယ်ငယ့် ပူနွေးစွတ်စိုသော နှုတ်ခမ်းနှစ်မွှာသည် ကျနော့် နှုတ်ခမ်း တစ်စုံနှင့် ဖြေးညှင်း စွာ အချစ်တံခါးတချပ်အား ပြိုင်တူ ရှာဖွေ ဖွင့် လှစ်ရင်း…။
ပျော့ပျောင်းသောငယ်ငယ့်လျှာလေးသည်ကျနော့်လျှာနှင့်ကြောင်ပေါက်ကလေးနှစ်ကောင်
ကျီစယ်ကစားသကဲ့သို့….။

ဆက်ရန် .....
ငြိမ်းဇေဦး

Friday, May 16, 2008

ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်


ဖုန်း...ဒိုင်း...ဖောင်း.....
ဖာခေါင်းနဲ့ ဘုရားလူကြီး
လမ်းကြားထဲ
ရိုက်ပွဲဖြစ်
စစ်ပွဲအသေးလေး
ခွေးတွေက အူ
ကလေးတွေကဆူ….။

ကြည့်လိုက်…
ရုတ်တရက်..
ဖာခေါင်းနဲ့မကြည်တဲ့ ဖာသည်မ
ထမိန် ထချွတ် ဇွတ်အလံထူ
စစ်ကူဝင်သတဲ့…။
တကယ်တော့
ရေဘေးနဲ့သေ
ငတ်နေတဲ့ပြည်သူက
ဒီလူတွေကိုမသိပါဘူး ...။

ငြိမ်းဇေဦး

Thursday, May 15, 2008

ငြင်း ပြစမ်းပါ




ဘ၀တွေကိုမှုတ်ထုတ်သွားသလို
ရှင်သန်လိုမှုတွေကို စုပ်ယူသွားတဲ့ မုန်တိုင်း
ရိုင်းလှချည်လား ဘုရားသခင်…

သင်ဘယ်ဥက ပေါက်ပါသလဲ…။

ငြိမ်းဇေဦး

Wednesday, May 14, 2008

အလွမ်းဆေးသား




သိပ်ပြည့်စုံလွန်းတယ်
လေပြေ..
ဆံနွယ်…
နေကွယ်ည
ပေါင်းစပ်ပြထားတဲ့
မှုန်လျလျ ပန်းချီကား
ဆည်းဆာပါးပါးနဲ့
လမင်းရဲ့ရယ်သံ
ညည့်ယံတေးတပုဒ်ကို
ထွေးထုတ်တော့မယ့်အတိုင်း…။

ဟဲ့ … နင့်ကိုချစ်တာ
အောက်ကြေးနဲ့ နောက်ဖေးက
ဈေးညှိခဲ့တာမဟုတ်ဘူး
တွေးကြည့်..။

ညကိုခါးစောင်းတင် ကောင်းကင်တိမ်တိုက်တွေ
အမှောင်နဲ့ မိတ်လိုက်
ကြိတ်ကြိုက်လို့  စိတ်ကြိုက်မော့ငေး
ဖျော့တွေးနေတာမဟုတ်ဘူး…။

စိတ်ကူးဆေးသားနဲ့ ငါ့မိုးကောင်းကင်မှာ
ငါကိုယ်တိုင်ခြယ်သတဲ့ မင်းတမျက်နှာ
ခံစားငေးမော သွေးကြောထဲထည့်
မူးယစ်စွဲလန်း နားလည်စမ်းပါ
ဒါဟာအချစ်ဖြစ်တယ်ကွဲ့
ဘောက်ဆတ်ဆတ် ဂွတိုက်မလေးရဲ့…။


ငြိမ်းဇေဦး

ဒိုးတူဘောင်ဖက်

ရှင် မ ဗိုက်ဆာ အိမ်ပြန်လာခဲ့
မျှစ်နဲ့ ငပိ တို့စရာရှိတယ်...။
တယောက်မျက်နှာ တယောက် ငေးလို့
ထမင်းကြမ်းလေးနဲ့ ပြည့်စုံတယ်..။

ငြိမ်းဇေဦး

Monday, May 12, 2008

Let Us be Compassionate

For those who have lost all
hope is their only refuge,
for their only shelter is a hell on earth.

The tempest,
mad with anger,
cruel and destructive,
has come and gone, taking all,
leaving rows of corpses
with clothes ripped open,
across our devastated land.

No more food to eat, little one!
The mother is crying.
But the little mouths to feed
are gone forever.

No more house to live, young woman!
Only her small body remains,
coiled gracefully in the water.

No more medicine for you, old man,
only his still body remains….
swollen in the water,
departed to another life
floating down the river.

The living,
with no one to help them
and no one to save them,
are already drowning
in the angry boiling sea –
the sea of despair.

Oh celestial beings,
ruler of the heavens,
spirits of divine powers,
What fault did they commit,
These impoverished people?

By what powers have you created
tears and misery
starvation and disease
for the survivors,
when their families are already lost?

And now…….Let’s help our people……
so that whatever happens,
the survivors can go on
with infinite hope.

translated by S. Khun Mong
Written by Nyein Zay oo

Someone translated my poem and sent me back from email.
Thanks for your translation.

Tuesday, May 6, 2008

နှိုင်းရဓမ္မ




ရင်ဘတ်ဓါတ်စာ နဲ့
နန့်ချင်တာပေါ့ ကျော့ကျော့လေး…။

ဖြေဆေးမရှိတဲ့ မနေတတ်မှုတွေနဲ့
လေဖြတ်နေတဲ့ ချစ်ချင်စိတ်တွေ
တောင်ကျရေလို ငါ့ကို ဇောက်ထိုးဆွဲချ…။

ချဉ်ချဉ်တူးတူး ချက်အရက် တခွက်လို
စိတ်ကောက်ပြ ခြိမ်းခြောက်ပြ လမ်းခွဲပြ
သားကောင်အသစ် အသစ်တွေ ရွေးချယ်ပြသူထက်စာရင်တော့
နင့်နင့်သည်းသည်းချစ်တတ်တဲ့ ချစ်သူဟာ
ငါ့အတွက် ပင်ကျရည် တမြူ နေမပူခင်သောက်ရသလို
စူးစူးရှရှ လတ်လတ်ဆတ်ဆတ်ရှိလှ…။

အေးလေ… အမှန်တော့
ဆည်းဆာမြစ်ပြင် အမှောင်ဝင်စ
လှေလူးပေါ်မှာ အာရုံဆွမ်းဘုန်းပေးခဲ့တဲ့အတွက်
မနက်ဆိုတာ အမှောင်ဆုံးပေါ့….။

ငြိမ်းဇေဦး



ထောင့်မှန်ဝိသေသတွေနဲ့
ညက ပါးစပ်ကြီးဖြဲလို့
ကမ္ဘာကြီးကို ပလုတ်ပလောင်းဆွဲသွင်း။

မဆန့် ရှာဘူးထင်ရဲ့
့သူ့ပါးစပ်ထဲ တ၀က်တပျက်
ထန်းလျက်လိုစုပ်စုန်းစုန်းမြုပ်။

သူက...
မကြာခင် ခါးမှန်းသိလို့
တခြားဖက်ကို လှည့်စုပ်ဦးမယ်
လုပ်ပုံက...။

ငြိမ်းဇေဦး

Monday, May 5, 2008

နင်ဟာ ၀က်သားတုတ်ထိုး

ခပ်ညံ့ညံ့မို့လို့ ၀က်သားတုတ်ထိုးသည်မနဲ့
အလျဉ်းသင့်တယ်ထင်လဲ ထင်ပေါ့
တကယ်တော့ငါချစ်တာ နင်ဟဲ့…။

ဝက်သားဟာ အဆီတ၀င်းဝင်း
အမယ်..ညိုဝါကျင့်ရောင်လေးသမ်းလို့
နှုတ်ခမ်းဖျားမှာတင်
အသားကုန်ဆွဲချင်စရာ
ငါဗိုက်ဆာတဲ့အခါတောင် နင်အဲလောက်လှပါသေးတယ်
ကောင်မရယ်…. ။

နင့်နှုတ်ခမ်းက ငရုတ်ဆီကြမ်းတွေလို
ရဲရဲစိုလို့ ဘယ်လို ငါ မေ့နိုင်ပါ့…
ဘယ်လိုညတွေ ငါတို့ဖြတ်သန်းတယ်ဆိုတာလဲ နင်အသိဆုံး
ဘယ်လို ရင်ခုန်သံတွေကို လက်ပြန်ကြိုးတုတ်ခဲ့တယ်ဆိုတာလဲ
နင်အသိဆုံး
ငါးဖယ်ပြုံးပြုံးလို့ တညလုံး..။

ကဲမိုးစုန်းစုန်းချုပ်ပြီ ငါပြန်ဦးမယ်
တုတ်ထိုးသည်ရေ…..။

ငြိမ်းဇေဦး

အချစ်စစ်




အမြဲလို......
ရင်မှာ အချစ်များစွာ
ကရုဏာနဲ့ ထွေးခဲ့သည်။

သံသယကင်းစွာ
ကိုယ့်သစ္စာ မေတ္တာနဲ့လဲ ယုံခဲ့သည်။

သူပြောင်းလဲ ကာ မုန်းတဲ့ခါ
မုဒိတာနဲ့ တွေးခဲ့သည်။

ကျောခိုင်းတဲ့ခါ
သူ့ အတွက် ညှာ
ဥပေက္ခာနဲ့ ဝေးခဲ့ပြီ။

ငြိမ်းဇေဦး

မွန်မြတ်ကြပါစို့




အရာအားလုံး ပျောက်ဆုံး သွားသူတွေအတွက်
မျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲရှိတော့တာလား…။

မုန်တိုင်းဟာ
ကမူး ရှူးတိုး ဆိုးသွမ်းဖျက်စီးတတ်တဲ့သဘာဝနဲ့
ဘာမှမကျန်အောင် ၀ါးမြိုသွားလိုက်တာ
ရင်ဘတ်ဟောင်းလောင်း အလောင်းတွေတန်းစီနေတဲ့
ဒို့ပြည်ပဲ ကျန်ခဲ့တယ်…။

စားစရာ မရှိတော့ဘူး လူလေးရေ
အမေက ငိုနေပေမယ့် စားမယ့် ပါးစပ်ပေါက်လေးတွေ
ပျောက်ဆုံးခဲ့….။

နေစရာမရှိတော့ဘူး လုံမရေ
ပုံကျခွေလဲနေတဲ့ ရေထဲက အလောင်းလေးပဲ ကျန်ခဲ့…..။

ဆေး မရှိတော့ဘူး အဘရေ
ငြိမ်သက်နေတဲ့အဘ ရေတွေစိုပွလို့ ဘ၀ခြားတဲ့အလောင်းပဲ
ရေစီးကြောင်းထဲ မျောခဲ့…..။

ဒီလို ဘ၀တွေနဲ့
ကူသူမဲ့….
ကယ်သူမဲ့….
ဆူဝေတဲ့သောကပင်လယ်ဟာ
ရှင်သူများကို ၀ါးမြိုစပြုနေပြီလေ….။

နတ် သိကြား ဒေ၀တာ
များစွာသော တန်ခိုးရှင်များ ခင်ဗျား
မွဲတေတဲ့ဘ၀များ ဘာမှားခဲ့ပါသလဲ…
မိသားစု ပျောက်ဆုံးသွားသူတွေအတွက်
မျက်ရည်နဲ့ သောက ၊ ငတ်မွတ်မှုနဲ့ ရောဂါဆိုး
သင်တို့ဘယ်တန်ခိုးနဲ့ဖန်ဆင်းခဲ့ကြပါသလဲ….။

ကဲ…
ဒို့ ပြည်သူ ဒို့ ကူကြစို့
ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူတွေအတွက်
မျှော်လင့်ချက် အနန္တနဲ့ ဘ၀ဆက်ခွင့်အတွက်….။


ငြိမ်းဇေဦး
http://nyeinzayoo.blogspot.com
မုန်တိုင်း ဒဏ် ခံရသော ပြည်သူများ ကယ်ဆယ်ရေး အလှူငွေ အတွက်ရေးသားပါသည်။



Saturday, May 3, 2008

Hidden stream



Sitting alone on the grass-plain
grasping the train
the train of my rotten pain
and gazing stars up above black curtain
the stains of the universe
some are shining and some are dying...
and I am smiling but not crying...
while nearby river is eavesdropping.

Nyein Zay Oo