Monday, March 31, 2008

ဘကြီးအောင် ရင်ထဲက ပန်းပု


ဘကြီးအောင် ရင်ထဲက ပန်းပု


အထီးကျန်မှုကို
သံတမန်နည်းနဲ့ဖြေရှင်းကြည့်ဖို့..

ရှင်သန်မှုဆိုတာ
မီလီစက္ကန့်လေးတွေပေါ်မှာ
ပြိုပြိုကျနေတဲ့ ပြုန်းတီးမှုလေးတွေဆိုတာ
ဓါတ်ခွဲခန်း မလိုအပ်ပဲသိဖို့......

ကိုယ့်ဖြစ်တည်မှုလေးကို
မွေးစ ကလေးလို တသသ တဖွဖွနဲ့
ချစ်တတ်တဲ့ သူ့ အတွက်
ဘကြီးအောင်လက်သစ်မဖြစ်ဖို့....

ဗလာဆန်တဲ့ မောက်မာမှုတွေနဲ့
ပျော့ပြောင်းပြေပြစ်မှုတွေကို
ငြင်းဆန်ပစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့
အာရုံသစ်ကို မကူးဖို့.......

တရေးနိုးအိပ်မက်ထဲမှာ သူ့တမ်းတသံနဲ့
ကောင်းမွန်တဲ့ မောလျမှုတွေဆုံးရှုံးသွားတဲ့
ခေါင်းအုံးပါးပါးလေးကို မျက်ရည်စိုတွေနဲ့ မနမ်းဖို့....

သူခင်းခဲ့တဲ့အိပ်ယာကို
တွေတွေဝေေ၀ကြည့်ရင်း
တရေးနိုးလေဟာနယ်ကို မဖက်ဖြစ်ဖို့......

ကလေးတယောက်နို့ဆာသလို
အတ္တကြီးကြီးနဲ့ အော်ပစ်လိုက်ချင်တယ်
“ငါ့ရင်ထဲက အသည်း
ပုံသွင်း ထုဆစ် ဖြစ်တည်ခွင့်အသစ်ကို
နင်ပဲ ပေးခဲ့တာပါ...
ဘကြီးအောင်မှာ ရင်ဘတ်ပဲ ကျန်ခဲ့တယ် အချစ်ရေ”........။

ငြိမ်းဇေဦး

Thursday, March 27, 2008

ဆန္ဒမြစ်ကို ပက်လက်ကူးခြင်း


ဆန္ဒမြစ်ကို ပက်လက်ကူးခြင်း

ကိုယ့်ညံ့ဖျင်းမှုကို အားနာပါးနာ
နားလည်ပေးရှာတဲ့
ကိုယ့်ချစ်သူနဲ့
အခါအားလျှော်စွာ ပလဲပနံသင့်တတ်ဖို့ 
အောက်စ်ဖို့ ဒ် က ဘွဲ့ရဖို့ မလိုဘူး....
အဲဒီက ရှမ်းဘုန်းကြီးကျောင်းမှာလဲ
ဆွမ်းကောင်းကျွေးကောင်း
ဖောသီတဲ့အကြွင်းအကျန်
ထိုင် စားစရာမလိုဘူး...။

ခြစ်ခြုပ်စုဆောင်းထားရတဲ့ ရေတိုမျှော်လင့်မှုလေးတွေ
ကြွေကြွေသွားတိုင်း....
အမှတ်တရ တလွှာခြင်းထပ်
တထပ်ခြင်းတင်
လျော့တိလျော့ရဲလောက်ပဲ သိမ်းထားခဲ့မယ်ဆိုရင်တောင်
ငါ့မျှော်စင်တခုဖြစ်ခဲ့တာကြာပြီ
အဲဒီမှာ ငါ့မျှော်လင့်ခြင်းတွေရဲ့ အုတ်မြစ်ကို
ငါငုံ့ကြည့်ရင်း မျက်လုံးတွေနဲ့ ကုတ်ခြစ်ဖြစ်ခဲ့မှာ သေချာတယ်...။


စားရမဲ့သောက်ရမဲ့ အိမ်မဲ့ယာမဲ့လို
ကိုယ့်ကိုယ်ကိုယ်သနားနေတတ်တဲ့
ခပ်ညံ့ညံ့ကောင်ဟာ မှန်ထဲမှာ ....
အဲဒီမှန်ထဲက ကောင်ကို အပြစ်ပြန်တင်တတ်တဲ့
ပစိပစပ်ကောင်ဟာ သူ့ပုခုန်းပေါ်တင်လာတဲ့
တာဝန်မှန်သမျှ သန်းလိုတုတ်တတ်တဲ့အကျင့်နဲ့
လူဖြစ်ခွင့်ကို ခိုးခိုး နမ်း နေတာပေါ့
အခွင့်အရေးသမားပီသပုံက...။

ကိုယ့်ကိုချစ်တဲ့သူမအတွက်
ဒဿဂီရိဇာတ်ထွက်ဖို့မလိုဘူး
ဆောင်တော်ကူးတွေပွင့်တဲ့ညကို
ဂီတနဲ့မျောချ အိပ်မောမကျတတ်ဖို့ ကျင့်သားရနေသင့်တာသိခဲ့ရင်
နာရီစင်ပေါ်က ခိုတအုပ်က ဗိုလ်ချုပ်လို့ အလေးပြုစရာမလိုဘူး...။

တကယ်တော့ပြူးတူးပြဲတဲ ကမောက်ကမတွေနဲ့
နေသားကျခဲ့တာ ကြာပြီအချစ်ရေ
တကီလာ တခွက်ပေးပါ
ရေဘ၀ဲသုတ် တပန်းကန်ပေးပါ
သံပုရာ ပါးပါးညှစ်ပါ
သနပ်ခါးရေကျဲနဲ့ တစက်ချင်းငှဲ့ပါ...။

မင်းနှုတ်ခမ်းသားပေါ်မှာ လျှောက်ပြန်သံပေး
ခြေအေးဝမ်းယောင် အနမ်းတွေတောင်လိုပုံပါရစေ..။

ရင်သားလှလှ မှာ ဆားဖြူးပါ သံပုရာညှစ်ပါ
တကီလာ တခွက်မော့ပါရစေ ...။

တဆက်ထဲပဲ ဆားသံပုရာကို
တချက်ချင်းလျက်ပါရစေ ..။

ငါ့ဆံပင်တွေကို ကစားပါ
တဖြည်းဖြည်း ငြီးညူပါ
အဲဒါ ဟာ အသာယာဆုံးဂီတ
လှိုက်မောဖွယ်ည ကို ဖန်တီးကြတာပေါ့...။

အဲဒီမှာပဲ
ညဟာ မီးရှူးတန်ဆောင်တွေဖောက်ခွဲပါလိမ့်မယ်...
ခနကြာတဲ့အခါ ရေချိုးကြတာပေါ့...........။

အဲလို တယောက်ထဲ မနေချင်တဲ့စိတ်တွေနဲ့
ဘ၀ဟာ စိန်နားကပ်အရောင်မဲ့မဲ့
အမှားအမှောင်ယဲ့ယဲ့နဲ့
ပါးပြောင်ခဲ့ပြီ..............။

ငြိမ်းဇေဦး

Monday, March 24, 2008

တောလား .........


တောလား .........





ထိမ်းချုပ်ခဲ့ရတာများတော့
ဘာရုပ်မှ မပေါက်တော့ဘူး
တိုလီမုတ်စ အတွေးတွေပွစာကျဲ
ငါတော့ ဂေါက်ပြီ ခပ်တည်တည်ပဲ.........။


ဇရာ က ထောင်း စပြု
ကညာက ညောင်း ကြွ လု
မသာ က နှာခေါင်း တော့ နုတယ်လို့
တချို့ ကလဲမြင် ...
ကယ်တင်ရှင် တလှေကြီးနဲ့ 
ခက်တာ က မြေကြီးပေါ် လက်ပစ်ကူးရတဲ့ဘဝ
ငါ့နှယ်............။


ဒီလိုပါပဲ
ကိုယ့်ဆန်စား မရဲရတဲ့ဘ၀တွေနဲ့
ပဲ မမ တွေနဲ့လဲ ခွဲရ အကြိမ်ကြိမ်
စိန်ပြေနပြေ အိပ်နေမယ် မလွယ်လို့လက်လျော့
အဲလိုတော့လဲမဟုတ် ......။


မဇ္ဈိမပဋိပဋာနဲ့ 
အပြစ်ရှိသမျှ အထိမနာအောင်
ရိပ်သာချောင် တောင်ရိုးမှာ
မိုးလင်းမိုးချုပ် အားထုတ်သောက်စား
မင်းသားလို နေ
ပြေလည်သလိုရှင်သန်
ရင်မခံစတမ်း ငါ့ကိုမလွမ်းနဲ့
ဇာတ်လမ်းဆိုတာသိမ်းရချိန် .......။
ငြိမ်းဇေဦး


Sunday, March 23, 2008

ရှင်ပြန်ထမြောက်ခြင်း


ရှင်ပြန်ထမြောက်ခြင်း



နင်မပါရင် ငါထိုင်နေမယ်...။

မရှိအတူ ရှိအတူ
ဒိုးတူဘောင်ဖက်
တောင်တက်လမ်းတွေ
မောနေမလား
ထမ်းခေါ်သွားမယ် ။


ငါဖတ်စရာ
စာမျက်နှာ များများမလိုဘူး
နင့် မျက်နှာဟာ
သမ္မာကျမ်းစာ
တဘ၀စာလုံလောက်တယ်..။


နေကွယ်ရင်
လင်းတောက်တဲ့ နင့်မျက်ဝန်းအောက်
ကလေးတယောက်လို ငါ အိပ်စက်မယ် ...။
နင့်အချစ်နဲ့
ဘ၀သစ်တခုရခဲ့ပြီ အချစ်ရေ
နွေဦးပန်းတွေဖူးပွင့်ပြီ..။



သိပ်ချစ်တတ်တဲ့ အမိုက်စားငယ်ငယ်လေး











သိပ်ချစ်တတ်တဲ့ အမိုက်စားငယ်ငယ်လေး (သို့မဟုတ်) သတိပေးတားမြစ်ချက်


ရံဖန် ရံခါ အမှုမဲ့ အမှတ်မဲ့
ချိန်ခွင်ခွက်ထဲ အိပ်ခဲ့ရတာ မသိခဲ့လောက်အောင်
အချိန်မစီးခဲ့တာပေါ့
ဘ၀ကိုပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်လို့....။

စင်္ကြ၀ဠာကို ဖဲပေါင်ရိုက်ပစ်ပြီးမှ
တညတာကျောချခွင့် ဘယ်တော့မှ ပြန်မတောင်းဘူး
ကံကောင်းမှု အတိတ်စိမ်းတွေ
မြွေလိုခွေနေတယ်ဆိုတောင်
ထပေါက်မှ သိမယ့်မိုက်မဲမှုနဲ့
မထုံတက်တေး .............။

ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ
ငဲ့ညှာသင့်တာငဲ့ညှာမယ်
အလျော့ပေးတတ်ရမယ်ဆိုတာ
ဖတ်စာအုပ်နဲ့ သင်အံခဲ့တာမဟုတ်ဘူး
ဒါကြောင့်.........
ရူးသွပ်တတ်ခြင်း နဲ့ ဦးမညွတ်တတ်ခြင်းဟာ
ရေမလို နေမလိုပဲ
သေရာပါဒဏ်ရာတွေကိုလဲ ဖူးပွင့်စေခဲ့တယ်...။

ကြာတော့ ...
ညဦးပြိုတဲ့ သန်းခေါင်အိုမှာ
ကြောင်လိုရှင်သန်တယ်
လှောင်လိုကလှောင်....။

ဈာပနတွေနဲ့ ယဉ်ပါးခဲ့ရတော့
ကိုယ်တိုင် အသေကောင်လို
ရှင်သန်ခဲ့ရတာတောင်
သုဘရာဇာ သိက္ခာနဲ့ အိပ်ယာမ၀င်တတ်တဲ့ ညံ့ဖျင်းမှုနဲ့...
ဒီလိုကောင်ကို ဘ၀နဲ့ရင်း
ပုံအပ် ယုံတတ်တဲ့ မိန်းကလေးကို
ညစာငတ်မယ် ကိုယ့်ဘ၀ကိုယ်ရုန်းလို့
တာဝန်မဲ့မှုတွေအကြောင်း
တာဝန်အရ ပြုံးပြုံးကြီး အသိပေးတတ်လာတာဟာ
အင်မတန်မှ တိုးတက်လှပြီ....။

နောက်ဆုံးတော့ အမိုက်စားငယ်ငယ်လေးရေ....
တိုက်...ကားမပါပေမယ့်
ဆိုက်ကားဆရာလေနဲ့
အိပ်မက်ပေး ...
ဝေးဝေးကကွေ့ရှောင် ...........။

ငြိမ်းဇေဦး
မှတ်ချက်။ ။မတော်ရသော အမေများ ၀ိုင်းဝန်းမြည်တွန်တောက်တီးပါသဖြင့် သရုပ်ဖော်ပုံပြောင်းလိုက်ရပါသည်။

သက်သေ


သက်သေ

ကမ္ဘာကြီး ပူနွေးနေတာအမှန်ပဲ
အိပ်မက်တွေအငွေ့ ပျံသွားပြ
ငွေ့ရည်ဖွဲ့တော့...။
ငြိမ်းဇေဦး




Thursday, March 20, 2008

ဒီနေ့



ဒီနေ့




မသိချင်တဲ့ဟာတွေကို
မသိအောင် နေတတ်စပြုပြီ...။


အတိတ်တံခါးကို
ပိတ်ပါးနဲ့ ကာဖို့မလိုတော့ဘူး
တွင်းတူးမြှပ်ခဲ့လိုက်ပြီ
ပန်းနီတွေပွင့်ခဲ့ရင် ခူးယူသွား........။


ငြိမ်းဇေဦး



Wednesday, March 19, 2008

နစ်.....


နစ်.....


လွမ်းတဲ့အက်ကြောင်းတွေထဲ
ငါ..ကျွံကျခဲ့ပြီ....။

ဒါပေမယ့်
ငါ....
နေလိုက်ပါမယ်....
လမင်းမသာ နေကွယ် ရာ...။


Monday, March 17, 2008

ငါမပြန်ချင်ဘူး….


ငါမပြန်ချင်ဘူး….

ဂစ်တာဟာ ရင်နာသတဲ့…
ငါကတော့ ပိုက်ထားတဲ့ကောင်လေ…။

သူ့ အတွက်သီချင်းမဖြစ်ရင်
ချစ်တယ်မထင်တဲ့ အချွဲမလေးရယ်
တကယ်တော့
ယောဂီတယောက်တရားမှတ်သလို
မြတ်နိုး မှတ်သားခဲ့တာပေါ့ဟာ..။

ဒင်းက
မပါးတဲ့ နှုတ်ခမ်းထူထူလေးတွေကို
သီချင်းလုပ်ဆိုဖို့ လိုသတဲ့..။


နေ့နဲ့ညဟာ
ကြင်ယာရှာပြီ
နာရီသံတွေကိုငါတို့မသိဘူး..။

ရူး သွားတတ်တာ
ကုစားဖို့မလိုဘူး…။

ဖူးပွင့်ခြင်းတွေ
ခူးဝံ့ခြွေ ဖို့မလိုဘူး…။

ရင်ခုန်သံရထား
လမ်းချော်မသွားဘူး..။

အဲဒီ လည်တိုင်ဖြူမှာပန်းတွေပွင့်ပြီ
ခူးဖို့ ခြွေဖို့ ကြွေဖို့မဟုတ်တဲ့ပန်းတွေပေါ့..။

ခရီးတစ်ခုရဲ့အစဟာ
ဘ၀တစ်ခုရဲ့အစ
ဒီည ငါမပြန်ချင်ဘူး အချစ်ရယ်..။


ငြိမ်းဇေဦး
ကြားဖီးခံကာရေးခြင်းဖြစ်ပါသည၊်ချစ်ကိုယ်တွေ့ မဟုတ်ပါ။

Tuesday, March 11, 2008

အလဲထိုး


အလဲထိုး

ပက်ပက်စက်စက်လွမ်းတတ်တယ်
ဖောခြင်းသောခြင်းပြုံးပြတတ်တယ်
ပိုးစက်ပက်စက်ရယ်တတ်တယ်
နင့်နင့်သည်းသည်း ချစ်တတ်တယ်
ကြာတော့….
ဖုတ်ဖက်ခါ ပစ်သွားတတ်တယ်လို့
ထင်မယ်ဆို ထင်စရာပေါ့………။

တိတိကျကျ ပြောရရင်
ငါ့ရင်ခွင်ဟာ ပြိုကျနေတဲ့ ရေတံခွန်ပါ
ဒဏ်ရာတွေနဲ့ ………။

တခုတော့ နားလည်ပါ
သိပ်တန်ဘိုးထားတတ်လာတဲ့အခါ
ဘာမှ မရချင်တော့ဘူး…
ဖူးဖူးမှုတ်ထားချင်တာကလွဲလို့…။

ဟန်နီရေ..
မင်းဟာ ဂွမ်းကလေးလို နူးညံ့ …
ဂွမ်းကလေးလို ဖြူစင်တယ်…
ငါ့ ဒဏ်ရာဟောင်းကြီးကို သန့်စင်ဖို့
မင်းဖြူစင်မှုကို စတေးပစ်ဖို့ဆိုတာ
ငါ့အတ္တကခွင့်မပြုပါဘူးကွယ်..
ဒီလိုနဲ့ ဖိုင်နယ်ပွဲတိုင်း နောက်ကောက်ကျခဲ့…။

ငြိမ်းဇေဦး



ညစာ……..


ညစာ……..

ညဟာ ပုရစ်တွေကို ဆူပူသောင်းကျန်းခွင့်ပေးထားတယ်…။ မိုးရေစက်တွေ ခိုတွဲနေတဲ့ သရက်ပင်စိမ်းမှောင်ထွားထွားကြီးဟာ
ဝါကျင့်ကျင့်ဓါတ်မီးတိုင်ကို တခါတခါမှာ မထိတထိ ရိုက်ပုတ်ကျီစယ်တယ် ၊ အဲဒီအခါ အရိပ်မဲကြီးတွေ ဟာ အလိုလိုမှ မှောင်ရတဲ့လမ်းမစိုရွှဲရွှဲကြီးပေါ်ကို ဖရိုဖရဲ လဲလဲကျလာတယ် ဘယ်သူကမှ ကောက် မထူခဲ့ဘူး…။

ကြေးစည်သံကြားရပြီ...။
ဒါဆို ကိုးနာရီ…။
ဓါတ်မီးတိုင်နားကပ်လျှက်အိမ်က မုဆိုးမအဘွားကြီး ဘုရားရှိခိုးပြီးခဲ့ပြီ..။

ညဟာ ပိုနက်လာခဲ့ပြီ…။
လမ်းမပေါ်မှာ စက်ဘီးတစီးစနှစ်စီးစ ဖြတ်သွားကြတဲ့အသံကလွဲလို့အားလုံး တိတ်ဆိတ်စပြုနေပြီ…ပုရစ်တွေကတော့ အချစ်သီချင်းတွေများဆိုနေသလား….ညကို ပြိုကျအောင်များတောင်းဆိုနေသလား..
နွမ်းပါးတဲ့မိသားစုလေးအတွက် ညစာဖြစ်ခွင့်ကို ဇီဝိတဒါနပြုနေတာလား….သိပ်တော့မသေချာပါဘူး..။

ဓါတ်မီးတိုင်အောက်မှာ ကလေးလေးတစ်ယောက်ကတော့ ပုရစ်တွေကို
သူ့ ညီမလေး ပိန်သေးသေးလေးနဲ့လိုက်ဖမ်းနေရဲ့….။
ပုရစ်တွေဟာ အမြင့်ခုန်ပြိုင်ပွဲကိုဝင်ဖူးချင်မှဝင်ဖူးမယ် ဒါတွေလဲ ကလေးလေးအတွက်အရေးမကြီးဘူး…။ ကလေးဟာ ပုရစ်တွေကို သူခိုးချောင်းချောင်းတယ်။
မိုးအေးအေးမှာ ဖိနပ်မပါတဲ့သူ့ ခြေဖျားလေးတွေကိုထောက်.. လက်ကလေးနှစ်ဖက်ကို အသေအချာသူ့ မျက်လုံးတွေရှေ့ မှာ အတိအကျ ထားပြီး အင်မတန်တိကျတဲ့ လေးသမားတစ်ယောက် လေးညှို့ကမြှားလွှတ်သလို အခုန် အပျံ အရှောင်အတိမ်းကောင်းလှတဲ့ပုရစ်တွေကို တကောင်ချင်း
သူ့ လက်နှစ်ဖက်နဲ့ဖိဖိဖမ်းတယ် ။

ပုရစ်ရဲ့ ချွန်မြတဲ့ ပေါင်တံစူးသွားလေးတွေဟာ ကလေးရဲ့ လက်ဖ၀ါးပေပေကျံကျံ မဲညစ်ညစ်လေးကို နစ်ကနဲ စူးကနဲ ထိုးနစ်ရင်း လွတ်မြောက်ရေးအတွက် အစွမ်းကုန်တိုက်ပွဲဝင်တယ် ..။
အဲသလိုနဲ့ပုရစ်အကောင်ပေါင်းများစွာဟာ သူ့ လွယ်အိတ်စုတ်ကလေးထဲက ပလပ်စတစ်အိပ်ကလေးထဲမှာ မသေမရှင်နဲ့ ငြိမ်သက်ခဲ့ကြပြီ။
သူ့ ညီမလေးပိန်သေးသေးလေးကတော့ ဘေးနားမှာ ငုတ်တုတ်ကလေး…
သူ့ ဒူးခေါင်းသေးသေးလေးတွေပေါ်လက်ဖျံသေးသေးလေးတွေတင်လို့  မထပဲ ငုတ်တုတ်လေးရွှေ့ နေတယ်.. သူ့အကို မှောင်မဲမဲ လမ်းမီးတိုင်အောက်မှာ ပုရစ်တကောင်ဖမ်းမိတိုင်း အကြီးကြီးပဲနော် ဆိုတဲ့စကားကလေးကိုပဲ မျှော်လင့်ချက်နဲ့ မှတ်ချက်ကလေးချပေးရင်း သူ့ အကိုဖမ်းတဲ့ပုရစ်လေးတွေဟာ သူတို့မိသားစုလေးအတွက်ညစာဆိုတဲ့အသိနဲ့…….။



ခပ်ဝေးဝေးဈေးဖက်က တဖြေးဖြေးတရွေ့ရွေ့ မီးအိမ်လေးနဲ့ မြေပဲလှော် ပူပူလေး လို့ ဆွဲဆွဲငင်ငင်
အော်ရင်း ပြန်လာတဲ့မြေပဲလှော်သည်ဟာ
ဒီရပ်ကွက်ကလေးကိုဖြတ်ပြီးရင် သူ့ အိမ်သူပြန်ရောက်တော့မယ်
သူ့ ကလေးနှစ်ယောက်နဲ့ ညဖက် ဘူတာမှာ ကုန်ထမ်းတဲ့လင်အတွက်ဝယ်လာတဲ့ဆန်နို့ဆီဗူးနှစ်လုံးဟာ
သူ့ မြေပဲလှော်ဘန်းကလေးပေါ်မှာကြွတ်ကြွတ်အိတ်အနွမ်းလေးနဲ့ထုတ်လို့….။

ကျယ်လောင်စူးရှတဲ့ ငိုသံလေးဟာ အော်နေတဲ့ပုရစ်သံတွေအားလုံးကို ကျော်ဖြတ်သွားတယ်..။
ကလေးမလေးဟာ စိုရွှဲနေတဲ့ မြေပြင်ပေါ်မှာ မီးတိုင်ရဲ့ဝါကျင့်ကျင့်အလင်းနဲ့ ခွေခေါက်လွန့် လူးနေရှာပြီ….။
မြက်တောထဲကို မြွေတကောင်ဟာလျှောကနဲ ကသုတ်ကရက်ဆင်းသွားလိုက်တာကို ကောင်လေးဟာ သူ့ညီမလေး သေးသေးလေးကို ပွေ့ ထူနေရင်းမြင်လိုက်တယ်….၊
ကောင်လေးဟာ ပတ်ဝန်းကျင်အိမ်တွေက လူတွေကြားအောင် အော်ဟစ်အကူအညီတောင်းရှာတယ်…။

မြေပဲလှော်သည်ဟာ ရှေ့ခပ်လှမ်းလှမ်းက ငိုသံလေးနဲ့ အော်ဟစ်အကူအညီတောင်းသံလေးကို ဘ၀နဲ့ရင်းပြီးမှတ်မိတာပေါ့..။
သူ့မြေပဲလှော်ဘန်းကလေးကို ခေါင်းပေါ်ကချ…။ လက်ကမီးအိမ်လေးကိုချရင်း သူ့သားသမီးလေးတွေရှိရာအပြေးလာရှာတယ်
ဖိနပ်မပါတဲ့သူ့ခြေထောက်ဟာ ခဲစ ခဲန တွေနဲ့ ကြမ်းတမ်းစိုစွတ်နေတဲ့လမ်းပေါ်မှာ ဘာကိုမှမမှုပဲပြေးနေရှာတယ်…။

အနီးအနားအိမ်တွေက လူတွေထွက်လာကြပြီး ကလေးမလေးကို ဆေးရုံပို့ဖို့ ဆိုက်ကားဂိတ်ကို တောင် လူတစ်ယောက်စက်ဘီးနဲ့ ဒရကြမ်းနင်းသွားခဲ့ပြီ…။

ကလေးမလေးဟာ မျက်ဖြူလေးလန်လို့ အော်သံလေးတဖြေးဖြေး တိတ်ဆိတ်စပြုလာပြီ……။
မြေပဲလှော်သည်ဟာ သူ့ သမီးလေးကိုရင်ခွင်ထဲထည့်ရင်း ပေကျံညစ်ပေနေတဲ့
ခြေထောက်ကလေးကို သူ့ ထမိန်စနဲ့ သုတ်ပေးရင်း ဒဏ်ရာကိုပါးစပ်နဲ့ ကုန်းစုတ်နေရှာတယ်….။

ဗိုက်ဟောင်းလောင်း ကောင်လေးဟာ မျက်ရည်တွေနဲ့ သူ့ညီမလေးကိုကြည့်ရင်း…
သူ့ဘေးနားမှာ ခုန်လာတဲ့ အဆီပြည့်ပြည့် ၀၀ဖောင်းဖောင်း ပုရစ်ကလေးတကောင်ကို ရုတ်တရက်မြင်လိုက်ပေမယ့်
မဖမ်းတော့ဘူး…………..။

ဆယ်နာရီသံချောင်းခေါက်သံဟာ ခပ်ဝေးဝေးက သံရှည်ဆွဲလာလို့…ညဟာ ညစာမဲ့သူတွေကို စားသုံးသွားခဲ့ပြီ ။


ငြိမ်းဇေဦး

ဆာကေးတခွက်..


ဆာကေးတခွက်..


ကသောကမြော အမောဖောက်
ရှင်ဂျုကုမှာ တနေ့ လူနှစ်သန်းဖြတ်လျှောက်
ငါလွမ်းတာ တယောက်မှ မပါ...........။

တိုကျိုညတွေရေ
လူသေထည့်တဲ့အခေါင်းထက် မဆိုစလောက်ကြီးတဲ့
အပေါစားဟိုတယ်တွေနဲ့ ငါ့ကို ဧည့်မခံနဲ့...။

ဆံပင်ပန်းရောင်နဲ့ ကောင်မလေးတွေ
ဟယ်လိုကစ်တီနှုတ်ခမ်းနဲ့
လမ်းသလား..
ငါကတော့ကမ်းနားမှာ
အီဒိုယဉ်ကျေးမှုကိုထိုင်မျှား.........။

ငါပေါ့.........
သမ်းဝေပြီးတော့ မအိပ်ချင်တာ...
စိတ်အထင်မှာ နင်ဂျာတယောက်လို...။

ငါမြင်ချင်တဲ့
ဇာတိုအိချိရဲ့ ဂျပန်ဟာ
ဆာမူရိုင်းယဉ်ကျေးမှုကိုထားခဲ့လိုက်ပြီ...။

ကီမိုနိုနဲ့ ချည်တုတ်ထားတဲ့
ဂေရှား....
ကြွေသားမျက်နှာနဲ့
အသာလေး ဆာကေးထည့်
သူခပ်တဲ့ယပ်တောင်
ငါ့ရင်မှာဆေးမှင်ကြောင်ဖြစ်...။

တကယ်တော့ ဂျပန်ဟာ
ပချင်ကို ကစားပွဲတွေနဲ့
ရှင်သန်ခဲ့တာတော့မဟုတ်ဘူး
အနုမြူဗုံးနှစ်လုံးဒဏ်နဲ့
နို့ကင်ဆာဖြစ်ခဲ့တဲ့ကျွန်းကြီးလေ
ဒဏ်ရာ တွေနဲ့  လင်းလက်တတ်..........။

ငြိမ်းဇေဦး


Saturday, March 8, 2008

မူ တော်မူ


မူ တော်မူ

မေ့ယုံ ပုံ လဲ ဖို့ 
တွေ့ ဆုံကြုံကွဲ ဆိုတာတွေမလိုချင်ဘူး… ။

ဘ၀ကိုလွတ်ရက်မရှိ တိုက်ပိတ်လို့ 
ခပ်မဆိတ် အိပ်နေမယ်
စိတ်ရှည်ရင်ထိုင်စောင့်……။

ငြိမ်းဇေဦး

လူဖြစ် နည်း




လူဖြစ် နည်း

ဆီဆမ်းဆားဖြူး အိပ်ပျက်မှု နဲ့
လက်ဖက်ရည်တခွက်
နံနက်စာတည်ခင်းတတ်ပါ.........။

ချစ်သူရဲ့နှုတ်ခမ်းပါးပါးကို
လေးဆယ့်ငါးဒီဂရီ နမ်းပါ
သူကြည်ဖြူရင် လျှာစစ်ဆင်ရေးစပါ .........။

ပင်လယ်ပြင်မှာမိုးရွာပြီး
ပင်လယ်ရေအငံပေါ့အောင်
ရေထိုးလိုက်ပါ......။

ပန်းဖြူတွေကို
လွမ်းသူကြွေသလို
ခပ်တွေတွေခူးလိုက်ပါ......။


မာယာများတဲ့မိန်းမကို
ဘိန်းအ၀ကျွေးပါ...........။

စာမတတ်သူကို
နှာနှပ်ယူရမယ့်လက်ဝှေ့ ပွဲ
အလဲထိုးခိုင်းပါ...........။

ဒဏ္ဍာရီတွေကို
ဖန်စီဒိုင်းပုလင်းခွံထဲထည့်ပါ...။

ဘာမှချစ်စရာမကျန်တဲ့အခါ
ဂစ်တာတစ်လက်ကို
တခုလပ်မ တစ်ယောက်ထက်ပိုချစ်ပါ...။

အိပ်ပျက်ပျက်နဲ့
နမ်းစရာမဲ့တဲ့ မနက်မှာ
ကောင်းကင်လိုငိုမချပဲ
စပယ်တွေကို
ခပ်ရဲရဲခူးလိုက်...။

ဘိန်းမူးနေတဲ့မာယာသည်ကို
လက်သည်မပေါ်တဲ့စွန့် ခွာမှုနဲ့ထားရစ်ခဲ့ ..။

လက်ဝှေ့ သမားတစ်ယောက် သောက်သွားတဲ့
ဖန်စီဒိုင်းပုလင်းခွံထဲက ဒဏ္ဍာရီတွေကို နားထောင်...။

ပြီးတော့..........
ဂစ်တာတစ်လက်နဲ့ ဘ၀ကိုမျက်ကွယ်ပြုပါ...။

သင်ဟာ တာဝန်အမဲ့ဆုံး
အရှုံးအနိုင် သတ်မှတ်မှုကို ဂရုမစိုက်
ခပ်ပြတ်ပြတ် ဒူးနှန့်  မိုက် လို့ 
ခန့် ခန့် ကြီး လူဖြစ်ခွင့်ရပါလိမ့်မယ်
ဒါဟာ ဘ၀နေနည်းပေါ့............။


ငြိမ်းဇေဦး


Wednesday, March 5, 2008

တကယ်တော့..........


တကယ်တော့..........

ရွှေစင်ရုပ်မဟုတ်တဲ့...
လမ်းဆိုးထဲက ပန်းအိုးကွဲပါ
မိန်းကလေးရယ်.....

ကောက်ယူမြတ်နိုး
အဖိုးထားတသသ
ယုယစရာမဟုတ်ခဲ့ပါဘူး...။

မင်းခြေဖျားမှာ
နင်းခြေမသွားရင်ပဲ
ရင်ထဲဖြေသာ နေတတ်မှာ
ဥပေက္ခာနဲ့ထားရစ်ခဲ့ ...........။

ငြိမ်းဇေဦး


တောင်းဆုကြယ်ကြွေ


တောင်းဆုကြယ်ကြွေ

ဆိတ်ငြိမ်ညဥ့်ယံ
ဥက္ကာပျံကြွေ
လေပြေကြောင့်လား…………။

ဆေးဖြူစုတ်တံ
ဆွဲသည့်ဟန်မှတ်
ဖျတ်ကနဲလင်း တကြောင်းခြင်းဆွဲ
မှောင်မဲကောင်းကင် ပိတ်ကားပြင်ပေါ်
မြင်သော်ခဏ တဒင်္ဂ….။

ဆေးစက်မထင်
မပီပြင်ပျောက်
ကောက်ယူမရ
ကြွေကျကြယ်လေး
ခပ်ဝေးဝေးမှာ ရှိနေမလား ...။

ေ၀၀ါးမျှော်လင့် ကောက်ယူခွင့်သာ
တောင်းမိပါသည်
ငါ့ငယ်ဘ၀…
တခါက…….။

ငြိမ်းဇေဦး



Tuesday, March 4, 2008

မောပန်းမာန်တင်းမှု


မောပန်းမာန်တင်းမှု

ဘ၀ကြီးကိုထမ်းပြီး
အိမ်ပြန်တဲ့ခရီး လမ်းမ
ရေခဲတွေသွန်သွန်ချ
မြို့ဟာရွှဲရွှဲစို အအေးမိသွားပြီ
ရေခဲရိုက် ငါးတွေလို
ညနေဟာ မသေမရှင်ဖျတ်ဖျတ်လူး…။

မြို့ပြဟာ ပိုက်ကွန်နဲ့ညိနေတာပေါ့
အဲဒီကားလမ်းမတွေကြားက
ရုန်းကိုထွက်မရတော့ဘူးလေ
ရေခဲမိုးတွေရွာရွာချတိုင်း
သူ့ခမျာ နမိုးနီးယားဖြစ်ရ…..
မလွတ်မြောက်ရတဲ့အထဲ…။

ဒီမြို့ပြ….
ညနေမှောင်မှောင်မှာ
ယောင်ယောင် အော်တတ်တဲ့
သွေးပြန်ကြောတွေဟာ
သီချင်းဟောင်းတပုဒ်ကို
နှလုံးသားထဲတွန်းတွန်းပို့….။

ဒီသီချင်းကို မငြီးတော့ပါဘူး
များမှများတဲ့ မာကျူရီ နီယွန်ရောင် ပြို့အန်မှုတွေနဲ့
အဖျားတက်တဲ့မြို့ပြကိုအားနာလို့….။

မသေမရှင်ညနေဟာ
မြို့ပြကိုမြိုချသွားပြီ
ဒီပင်လယ်မှာ
ငါကတော့ ကူးခတ်ဆဲ…။

ငြိမ်းဇေဦး



Monday, March 3, 2008

အချိန်မှားများပျော်ဝင်ခြင်း


အချိန်မှားများပျော်ဝင်ခြင်း

မြေပြင် ပျောက်ဆုံးသွားပြီ..
ဆွဲငင်အားတွေ လဲ တပါတည်းပျောက်ဆုံး…။

နှလုံးသား တခု သက်သက်သာသာ
သွေးခုန်နှုန်းတွေနဲ့
ကျမ်းမာရေးကောင်းခွင့်
ပျောက်ဆုံးခဲ့ပြီးသား ဆိုတော့လဲ
သိပ်တော့ထူးပါဘူးလေ…။

ပန်းပွင့်ဖတ်တွေခြွေပေးပါ
နံ့သာရည်တွေဖျန်းပက်ပါ
လှလှလေးလှမ်းလာချင်သတဲ့….။

ကွဲအက်နှလုံးသားစတွေပါ
ပန်းပွင့်ဖတ်တွေတော့မဟုတ်ခဲ့….။

မျက်ရည်ပူတွေပါ
နံ့သာရည်တွေတော့မဟုတ်ခဲ့…….။

ဒါပဲတတ်နိုင်တဲ့နောက်ကျမှုတွေလေ
ငါကတော့သီချင်းဆိုနေခဲ့တယ်
ဘာမှမမြင်တဲ့ မျက်လုံးတွေနဲ့ ………။

ငြိမ်းဇေဦး



ဝိရောဒိ




Sunday, March 2, 2008

သူ့ကြောင့်ပေါ့အမေရယ် ….


သူ့ကြောင့်ပေါ့အမေရယ် ….

လက်ပေါက်ကတ်တယ်
ခပ်ရိုးရိုး မိန်းမနဲ့စကားပြောရတာ
ပိုက်သာဂိုရပ် ပါ ရူးသွားနိုင်တယ်
သီအိုရီမရှိဘူး …။

စပါယ်ပန်းတွေ ပွင့်စပြုပြီ
နေခြည်နုနုတွေ ရွရွလေးခုန်ချ
ရင်ဘတ်ချင်းအပ် ကြပြီ…။

ကိုယ့်ဟာကိုယ် လည်လှပြီအမြဲထင်တတ်တဲ့
အမေ့သားဟာ
ခပ်ရိုးရိုး မိန်းမတစ်ယောက်ကြောင့်
ကိုယ်တုံးတာ သိခဲ့ရပြီ ….
ကျနော့်များ ဘယ်နှစ်ယောက်ကပြုံးခဲ့ပြီလဲမသိ…။

စပယ်တွေပွင့်ပြီအမေ
ဆောင်းနှောင်းဟာနွေယောင်ဆောင်ပြီ
ခပ်တည်တည်နဲ့ နေဦးမယ်....။


ငြိမ်းဇေဦး




လူမိုက်


လူမိုက်

ဟေ့..ဒီမယ်....
နာရီတွေငြိမ်သက်
လောက....အသက်မဲ့နေသလား.... ။

လှုပ်နှိုးဖို့လိုသလား...
ထုတ်ရှိုးဖို့လိုသလား ...။

ပြောစမ်းပါ..
ငါမနက်ဖြန်ကို မနေ့ကနဲ့
လဲလိုက်ချင်လို့.....
အဲလို
အမှားတွေကို ပြင်ဖို့ကြိုးစား..။

ငြိမ်းဇေဦး


ခပ်ညံ့ညံ့…




ခပ်ညံ့ညံ့…

မဟာဇနက္ကမင်းသားမှာ
မေခလာရှိခဲ့တယ်
ပြောကြတာပဲ…။

ငါဘယ်လိုရှင်သန်ရပါ့
လက်ပမ်းကတော့ကျခဲ့ပြီ…။

ဒီလို…
ကိုယ့်ကိုယ်ကို သနားတတ်တဲ့ကောင်
ဒူးထောင်ပေါင်ကား အခန့်သားလဲ
တောဝက်သားနဲ့ကောက်ညှင်းအရက်ကို
စုံမက်……..။

ဧ၀ရက်တောင်ထိပ်
တင်ပလ္လင်ချိတ်ရင်း
ငါးမန်းတောင်ဟင်းချိုပူပူတခွက်
လက်ရာကောင်းကောင်း
ငရုတ်သီးစပ်စပ်
ပုဇွန်သုတ်တပန်းကန်
ခေါင်ရည်ပူတအိုးပြီးတအိုးကို
မိုးဦးရေစီးသန်မြစ်လို မျိုမျိုချ
နှင်းတောင်ညတွေမှာလဲ ဇိမ်ယစ်ချင်…။


တနေ့လုံးမှာ
တခါပြုံးဖို့ရှားပါးတဲ့
ခါးသက်ခြင်းတွေအတွက်
ငှက်ဖျားဟာ မထွန်းကားတဲ့ဈေးကွက်လို
ငါ့ကိုစွန့်ခွာ….။

အိုမီဂါနာရီဟောင်းတစ်လုံးထဲမှာ
ဇာတာဖွဲ့တွေကျိုးကြေ…။

ဟာမိုနီကာပါးပါးလေးမှုတ်ရင်း
ထင်းရူးတောတွေကို ကောက်သင်းကောက်..။

ဒီလိုနဲ့ပဲ ခေါက်ရိုးကြေလို့
တွေဝေ…။

အချစ်ရေ…. မြစ်ရေလျှံ တာကျိုး
အစိုးမရတဲ့စိတ်တွေနဲ့
အိပ်နေတော့မယ် … နစ်စေတော့…။

ငြိမ်းဇေဦး



Saturday, March 1, 2008

ငါ့စကားပြောတဲ့ လူမများ…………….


ငါ့စကားပြောတဲ့ လူမများ…………….

တန်ဆာနဲ့ဘ၀ကို ထူထောင်ရတဲ့
ပါးစပ်ပေါက်တွေကို
ထပ်ဒူးထောက်ခိုင်းကြဦးမယ်..။

ယဉ်ကျေးမှုနှစ်ပဲတပြားနဲ့
ဝဲစားနေတဲ့ ခွေးသားတွေ ကြေးစည်ထုတဲ့
မဏ္ဍာပ်ကြီးတွေခြောက်ကပ်………..။

တကယ်တော့ဒေါက်ဖိနပ်တရံနဲ့
ခွေလဲခဲ့ကြရတာပါ…………..။

ငြိမ်းဇေဦး



လက်သုတ်ခဲ့သောပြက္ခဒိန်စက္ကူဟောင်း…




လက်သုတ်ခဲ့သောပြက္ခဒိန်စက္ကူဟောင်း…


အတိတ်ဟာ နွမ်းပါးတဲ့
ဂယ်လရီဟောင်းတခုပါကွယ်
အလောင်းဟာရေချိုးကြွေကန်ထဲမှာ
ရေပူစိမ်တယ်
ကွန်ချားတိုးတငြိမ့်ငြိမ့်နဲ့..။

ဟီလာရီ
မိုနီကာလူဝီစကီတို့နဲ့
မသိကျွမ်းတဲ့ဆေးပြင်းလိပ်ရယ်
ပါတိတ်အကျီ င်္တထည်ရယ်
စန္ဒယားတစ်လုံးရယ်…
ဆေးခြောက်တဆုံစာရယ်
ဖာသည်တစ်ယောက်ရယ်
ကြိုက်ကုန်းတစ်ယောက်ရဲ့ နှုတ်ခမ်းနီရယ်
ကြွယ်ဝလှရဲ့……….။

ငါဟာ…
ကန့်လန့်ကာအကွယ်မှာ
ငါ့ဇာတ်ငါ ခန့်ခွဲလို့
လန့်ကွဲသွားတဲ့ ပုလင်းတစ်လုံးနဲ့
သီချင်းဆုံးအောင် ဆိုရင်း
တမျှဉ်းမျှဉ်းမျောတဲ့ဈာန်
ဟန်ဆောင်ရွက်လွှင့်ခဲ့ရတာလဲ အကြိမ်ကြိမ်…။

စိန်လက်စွပ် တကွင်းနဲ့
ပစ်ဖမ်းခံလိုက်ကြစမ်း…
သန်းထူမယား တဲ့အဖြစ်တွေ
ရေစီးကမ်းပြိုလိုက်တဲ့ ယားကျိကျိညနေတွေ
ရမက်ရေစိုရွှဲစ
အပျိုရည်အမြှေးပါးတလွှာဟာ
ဖိတ်စာတချပ်ပါပဲကွယ်…
မိရိုးဖလာကိုမလွန်ဆန်နိုင်သူတွေအတွက်ပေါ့……….။

တကယ်တော့ ငါ့အတိတ်ဟာ
တပိဿာ မရှိတရှိ အတ္တတစိုင်ပါ
ဒီမှာ……. ဘီယာနဲ့မြည်းချင်ရင်………..။


ငြိမ်းဇေဦး