Monday, June 30, 2008

အနှစ်


စပယ်နံ့ တွေနဲ့
လမင်းနဲ့
တခါတရံခုန်ချတတ်တဲ့ ဥက္ကာပျံတွေနဲ့
ပြတင်းပေါက်ပိတ်စရာဘယ်တော့မှမလိုတဲ့ ညတွေ..........။

အုန်းပင်တွေက အကျော့သား
ဘီးဖြီးလို့ ကနွဲ့ကလျ က လို က ရဲ့
ည ကတော့ လှနေလိုက်တာလေ...
သံရှည်ဆွဲ တိုးတိုးညည်းတဲ့ လေစီးကြောင်းကလည်း
ရှေးဟောင်းနှောင်းဖြစ် တွေ ခိုတွဲလို့
စာဘူးတောင်းသိုက်လေးထဲ တိုးတိုးဝင် .....။

အဲသည်အချိန်မှာ
နာရီတွေပြက္ခဒိန်တွေဖျက်သိမ်းကြစို့ ....
လူ့ဘောင် ရပ်ဝန်းက
ကျောခိုင်းကြစို့ ...

ဘ၀ကို လသာသာ
ညပြာမှောင်ရီထဲမှာ
ရင်ခွင်ထဲဝင် သံစဉ်ညှိကြစို့...

မေ့လို့ကိုမရဘူး ကွယ် ဆိုတဲ့
အငိုလွယ်တဲ့ ချစ်သူကို
ဆံပင်ဖြူတွေထွက်စပြုနေတဲ့
နုပျိုခြင်းနဲ့ နမ်းလိုက်ချင်တယ်............။

ငြိမ်းဇေဦး

ဝစ်လစ်စလစ် ဖြစ်သွားတဲ့ ယိုင်နဲ့နဲ့ မနော


ဒီမယ်..
သူငယ်မ
နာကျည်းချက်တွေကလဲများပ
ဘ၀ဆိုတာ ဒီလိုပဲကွယ့် လို့
နှစ်နှစ်ကာကာပြုံး
ပစ်ပစ်ခါခါမုန်းရဲ
အဟောင်းထဲက အပြောင်းအလဲ စတွေ ဆွဲထုတ်
အသစ်လုပ်နိုင်တဲ့ အရည်အချင်းနဲ့
မာတုဂါမကို စာချနေမိတဲ့ မနူးမနပ်ကြီး ဖြစ်လိုဖြစ်ရ...။


တောင်ခြေမှာနားနေရင်း
တိမ်သားတွေကိုငုံ့ကြည့်ချင် စိတ်နဲ့
ဝီရိယဆင်းရဲတဲ့
ထိန သတ္တ၀ါ တကောင်
ဒူးထောင်ပေါင်ကား
ပျင်းရိခြင်းတွေ ကြီးထွားသထက်ကြီးထွားခဲ့လို့
ဆည်းဆာကိုလဲအစောကြီးလွဲ
အာရုံဦးကိုလဲ အမြဲနောက်ကျမှ ဝေစုရတတ်တာလေ...။


ဖြစ်ချေတော့ဘူး..
နို့ဆီဗူးတစ်လုံးမရှိတရှိ
တစလယ်မပြည့်တပြည့် ၀န်တိုမှုတွေပဲ့ပဲ့ ကျတဲ့ ဘ၀မှာ
ငါဟဲ့... ငါဟဲ့နဲ့ ကြာခဲ့လွန်းလှပြီလေ...
ကမ္ဘာမြေကတော့အားနာနာနဲ့
သီချင်းရှည်တပုဒ်ကိုညည်းလိုက်တယ်...
စင်္ကြ၀ဠာရဲ့အလယ်ဗဟိုဟာ
ငါ မဟုတ်ခဲ့ပါဘူးတဲ့ ကိုယ့်လူရေ...........။

ငြိမ်းဇေဦး










rest of my post

Saturday, June 28, 2008

သမာဓိနြေ္ဒ လေတံခွန်



ငယ်ရေ....

ငါ့မှာ ဘာမှမကျန်ပုံက
အဆန် ကုန်သွားတဲ့ ကျည်ခွံတွေလို
မီးသင့် အတွင်းသား ပဲ ကျန်ခဲ့တာပေါ့.....။

စွမ်းသလား....
မမေးနဲ့...
မခမ်းနားလို့ ဝေးခဲ့တာပါ ဆိုပြီး
ငိုကြီးချက်မ နဲ့ အပြစ်မတင်ချင်တော့ဘူးကွာ.....။

ငါ့ရင်ဘတ်ဟာ
ဧည့်မှတ်တမ်းစာအုပ် မဟုတ်ခဲ့ဘူး ဆိုတာလဲ
အကြိမ်ကြိမ် အတည်ပြုရ ...
အကြိမ်ကြိမ် လက်မှတ်ထိုးထွက်ခွာသွားကြ
အကြိမ်ကြိမ် နာကျင်ခဲ့ရပြီးပြီ......။

ပဲပုတ် တချပ် တောင်ယာဆန်တထုပ်နဲ့
ငြုတ် သီး စိမ်း တတောင့်ရှိခဲ့ရင်
ကြယ်စင်တွေကို ငါပျိုးတာပေါ့ ဆိုပြီး
ကောင်းကင်ကြီး မော့မော့ကြည့်ခဲ့နိုင်တဲ့
အေးချမ်းတဲ့ဘ၀လေး
မဲနယ်တောင် ဘေးမှာ ဆွေးပြိုကျခဲ့ရတာပေါ့.....။

အပြိုစတွေပြန်ကောက်
တယောက်ထဲ တည်ဆောက်ချင်စိတ်နဲ့
မုတ်ဆိတ်မရိတ်တဲ့ သူတော်စင်လို
နေညိုပြီဆိုရင် မဲနယ်တောင် ထင်းရူးတောမှာ
အမောတွေဖြေ စမ်းရေသောက်
လှည်းဘီးလောက် လမင်း ၀ါဝါကြီးငေးရင်း
သီချင်းတွေ ပြန်ဆိုချင်တယ် ငယ်......။


ငြိမ်းဇေဦး

ကုက္ကုစ္စ


လုံမလား ပုန်းမိတဲ့အမှား
ခြုံကြား မြုံး မိတဲ့ငါး.....။


ငြိမ်းဇေဦး

Friday, June 27, 2008

She


By MoeThee(Digital Art)

ဆူးကြွင်း


ဆည်းလည်းသံတို့ ဖြင့် မနိုးသေးသော ငှက် ကလေးများအား အာရုံနု အငုံအဖူး က လှုပ်နှိုးလိုက်ပေပြီ။
ရင်ခတ် ပန်းနံ့သင်းသင်းတို့အား ချော့မြူ ဖျားယောင်းလာသော အေးလေပြေ ဖွဖွ ၏ လှိုင်းနု စီးကြောင်းက လျှောတိုက်ပွတ်သပ် လျှက် နံနက်ခင်းကို ညင်သာစွာ တလွှာချင်း လွှာလျှက် အပျိုစင်၏ တိတ်တခိုး အိပ်မက်လို။


ဆရာတော်၏ ဘုရားရှိခိုးသံ ကို ကြားတော့ အေးချမ်းလိုက်ဘိခြင်း…။
အိပ်ယာမှ ကြည်ကြည်လင်လင် ထလာကာ ကမ္မဌာန်းကျောင်းလေး၏ နောက်ဖေးရေကပြင်တွင် ရေမှုတ်ကလေးဖြင့် မျက်နှာသစ်ရင်း ဆရာတော်၏ ကြေးစည်သံတွင် အသိအာရုံတို့မျောလွင့်သွား၏။


ဟိုးအဝေး ပင်လယ် ရှိရာသို့ မြင်ရနိုးဖြင့် မျှော်ငေးကြည့်မိတော့…. မရမ်းပင်ကြီး ပေါ်က ဥသြငှက်ကလေးကဆွေးဆွေးမြေ့မြေ့ တွန်ကျူးနေတော့၏ ။

ဆ ကေသ ဓါတု စေတီတော်၏ ရင်ပြင်တော် အစွန်းမှ အဟုန်ပြင်းသော လေကောင်းလေသန့်တို့ က သူမ၏ ဆံနွယ် ထွေးကြီးအား ဆွဲဖြေ ခိုးယူ ဖို့ အစွမ်းကုန်ကြိုးစားနေ ပေ၏။ သွေးကြောစိမ်းကလေးများ ရေးတေးတေး ပေါ်နေသော သူမ၏ ပါးပြင်မို့မို့ နှင့် နုထွေးသော နှုတ်ခမ်းကလေး အား ကျနော် ငေးကြည့်နေရင်း ကျနော့် လက်ဖ၀ါး ကို သူမ၏ ၀ါဝင်း ရှင်းသန့်ပျော့ပျောင်းလွန်းသည့် လက်ချောင်းသွယ်ကလေးများဖြင့် လက်ဖ၀ါးကြမ်းကြမ်း ကလေး က ဖွဖွလေးကိုင်ရင်း “မောင့် လက် ဖ၀ါးကလေးတွေက နုအိ နေတာပဲ မောင်ရယ်၊ မွန့် လက်ဖ၀ါးတွေများ ဆို ကြမ်းလိုက်တာနော်”
“မွန်ကလဲ… မောင်က လက်ကျောမတင်းဘူး ဆိုတာကို ထပ်ပြီးအတည်ပြုနေတာလား အချစ်ရယ်” ကျနော်က သူမ၏မျက်နှာလေးကို ငေးရင်း အပြုံးဖြင့် ပြန်ပြောတော့ သူမက“ ဟုတ်ပါဘူးမောင်ရဲ့ ကုသိုလ်ကောင်းတာကိုပြောတာပါ ….” ကျနော် ဘာမှ ပြန်မဖြေဖြစ်တော့ပဲ မွန့် ကိုယ်လုံး လှလှလေးကို မရဲတရဲဆွဲဖက်လိုက်မိတော့၏။ မွန်က လှိုက်မောရင်ခုန်သောအသံဖြင့် “မောင်….” ဟုခေါ်တော့ ကျနော့်လက်တွေက မွန့် ခါးသေးသေးလေးပေါ်မှာ ရစ်ပတ်လျှက်။ “ပြောလေ…မွန်” ဟု သူ့ လည်ပင်းသားနုနုလေးကို နမ်းနေရင်းမှ ခေတ္တရပ်ကာမေးမိ၏။
“တောင်ပိုင် ဘိုးဘိုးကြီး အမျက်ရှသွားမယ် မောင်ရယ်..” မွန်က ကျနော့်လက်များကိုဆွဲမဖြုတ်ပါ သူ့ပါးပြင်လေးကိုလွှဲမသွားပါ ကျနော့်ရင်ခွင်ထဲ မှာ အိစက် တင်းရင်းလုံးဝန်းသော အတွေ့ အထိဖြင့်၊ သို့သော် ကျနော့်လက်များကိုဖြေလျော့ပေးလိုက်ပါ၏။

ကျနော့် ရင် ထဲတွင်တော့ မြင်း အထောင်အသောင်း က သော မြင်းရထား တစ်စင်း အရှိန်ပြင်းစွာ ပြေးလွှားနေသကဲ့သို့။ ကျနော့်နှုတ်ခမ်းတို့ခြောက်သွေ့လာ၏ ။ အသက်ရှုသံတို့ နှေးလိုက်မြန်လိုက်။ ခန္ဓာတခုလုံး ပူနွေးလာကာ တောင်ခြေရွာကလေးက မီးတောက်အရက်ဆိုင်မှ ကောက်ညှင်းအရက် ကို ကသောကမြော သောက်မြိုရသကဲ့သို့။

“အင်းပါ အချစ်ရယ် ဒါဆိုလဲ မောင် မနမ်းတော့ပါဘူး ကွာ”
“ မဟုတ်ဘူး မောင်ရယ်.. နတ်ကြီးတယ်လေ တောင် တော် ပေါ်မှာ မို့ပါ…. ၊ မောင် အရမ်းချစ်လားဟင်”
“မွန်ရယ်……..သိပ်ချစ်တာပေါ့”
“ဟောဒီတောသူမလေးကို တနေ့ပစ်သွားမှာလားမောင်….” ကျနော့် မေးဖျားအား သူမ၏ ဆင်ြမီးလက်စွပ်ကလေး ၀တ်ထားသော လက်ကလေးဖြင့် ကိုင်လှုပ်ကာ ချစ်စနိုးမေးလိုက်တော့..
“မွန့်ကို မောင် လက်ထပ်ယူမယ် မွန်… မောင့်ကို အချိန်တော့ နည်းနည်းပေးပါ …မောင် ပညာပြည့်စုံချင်တယ်…
မိသားစုလေးကို သာသာယာယာ ထောက်ပံ့ကျွေးမွေးချင်တယ် နော် …မောင့်ကို နားလည်လားဟင်”
“ အင်း..နားလည်တာပေါ့မောင်ရဲ့ .. မောင်က ရွာကျောင်းမှာ ပြန်ပြီးကျောင်းဆရာလုပ်… မွန်က ဆရာကတော် ကြီးပေါ့ နော်…” အဲဒီစကားတွေကိုပြောနေသော မွန့်အပြုံးတွေကို အရည်အသွေးအမြင့်ဆုံး စိန်ပွင့်ကုဋေကုဋာ၏ တောက်ပ မှုက မှီနိုင်မည်မထင်။

ကျနော့်ဘယ်ဘက်ရင်အုံတွင် ခေါင်းကလေးမှီနေသော မွန့် ပုခုန်းသား လှအိနု ကလေးကို ကျနော့်
လက်ဖ၀ါးဖြင့် ဖွဖွပွတ်သပ်ရင်း နေမင်းကြီး စုန်းစုန်းမြုပ်သွားသည်အထိကျနော်တို့ နှစ်ယောက် ဆည်းဆာအလှကို ငေးနေမိခဲ့၏။


မွန့်ကို တောင်ခြေ ရွာကလေးအထိ ကျနော်ပြန်ပို့ခဲ့ရင်း ရွာစွန် ချက်အရက်ဆိုင်ကလေးသို့ ၀င်ခဲ့မိ၏။
ညနေ စောင်းကမှ တက်ထားသော ပင်ကျရည် တမြူ ၊ ရှောက်ရွက်နှင့် ပဲ ကြီးလှော်သုတ် တို့အား မှာပြီး
ထန်းရည် ချို ခါးစူးရှ ကို တမြုံ့ခြင်း မြုံ့ကာ ကို မောင်ရွှေ ၏ မယ်ဒလင် သံကို နားထောင်ရင်း သီချင်းလိုက်ဆိုနေမိ၏။

“နှင်းပျောက်တဲ့ နွေဦးရောက်ပြီလေ……………..” သီချင်း ဆုံးတော့ ကျနော် နောက်ထပ်တမြူထပ်မှာလိုက်၏။
“ညီလေး ..ဒီည အိမ်လိုက်ပြီး ထမင်းစားကွာ..မင်းကိုလဲ ငါ ခနခန ဖိတ်နေတာငါ့ အလှည့်ကိုမရောက်တော့ဘူး ဟုတ်လား ငြင်းမနေနဲ့တော့” ဟု ကိုမောင်ရွှေက ပြောလာ၏ ။
“ဟုတ်ပြီဗျာ…ဒါဆို လဲ ကျနော် လိုက်ခဲ့မယ်”
ဟု ပြန်ဖြေရင်း ဆက်လက်ကာသီချင်းတို့ တပုဒ်ပြီးတပုဒ်လိုက်ဆြိုဖစ်၏…။


သီချင်းတို့ကို အပူအပင်မရှိလိုက်ဆိုရင်း ဖြင့် ညတော်တော်နက်လာခဲ့တော့ ကျနော်နှင့်ကိုမောင်ရွှေ နှစ်ယောက်သား သူ့ အိမ်ရှိရာ ရွာလည်ဖက်သို့ မယ်ဒလင် သံဖြင့် ပြန်လာခဲ့၏။

“ဟယ်… ကြားသားမိုးကြိုးပါလား အကိုရဲ့ .. ”
“လာလာ..မောင်လေး … အတော်ပဲ ဒီနေ့ ဘဲသားချက်တယ်ဟဲ့ ၊ မရမ်းသီးထောင်း နဲ့ ပိန္နဲ စေ့ ပြုတ် ၊ ဒညင်းသီး ဆားစိမ် ၊ ဘူးသီးဟင်းချို ၊ နင်ကြိုက်မှာ အမတို့ကတော့ တောချက်ပဲ ချက်တတ်တာတော့ ခွင့်လွှတ်ဟ”

ကိုမောင်ရွှေ့ မိန်းမ က ခရားရေလွှတ် ဧည့်ဝတ်ပြုစကားများဖြင့် ကျနော်လဲ အိမ်ထောင့်ကွမ်းပင်အုပ်အောက်မှ စဥ့်အိုးကြီးများဆီသွားကာ ခြေလက်ဆေးကြောပြီး အိမ်ပေါ်တက်ရင်း သူတို့လင်မယားနှင့် ထမင်းလက်ဆုံစားခိုက်ပြတင်းပေါက်မှ လမင်း၏ အလင်းရောင် ကို ဘူးသီးဟင်းချိုခွက်ထဲတွင် မြင်ရတော့ ကိုမောင်ရွှေ့ အားမေးလိုက်မိ၏ ၊
“ ကိုမောင်ရွှေ ..ကျနော် နဲ့ မွန်နဲ့ ရည်းစားဖြစ်နေတာ သိတယ်မဟုတ်လားဗျ”
“ သိတာပေါ့ဟ.. တရွာလုံးသိ တနယ်လုံးသိ.. နေနဲ့ လ ရွှေနဲ့မြ ပေါ့ကွာ ငါတို့တော့ သဘောတူတယ်ကွ”
“ကျေးဇူးတင်ပါတယ်ဗျာ ကျနော် သူ့ကို တကယ်ချစ်တာပါ ၊ ကျနော်ရည်းစားမထားဖူးဘူးဗျ သူက ကျနော့် အချစ်ဦး နောက်တော့….ကျနော့် ရဲ့ တဘ၀လုံးမှာ တယောက်ထဲ ချစ်တဲ့ ချစ်သူ ဘ၀လက်တွဲဖော်ဖြစ်မှာပါဗျာ”
“ဟားဟား…ငါ့မောင်က လဲ ကဗျာက ဆန် နေပြန်ပြီ.. နင်သူ့ကိုယူပြီး မြို့ခေါ်သွားမလား၊ သူကတော့လိုက်မယ်မထင်ဘူး အဲလိုဆို နင်ကရော ဒီတောမှာနေနိုင်လားဟဲ့ အဲဒါလဲတွေးပါဦး”
ကိုမောင်ရွှေ့ မိန်းမ မအေးက ရယ်ရင်း မေးလာတော့
“ အမရယ်.. ကျနော် ဒီမှာ နေမှာပေါ့ သူမလိုက်နိုင်ရင်၊ ဒါပေမယ့် ကျနော် ပညာစုံချင်သေးတယ်လေ သူညှိုးငယ်မှာ စိုးတယ်ဗျာ”
“ အိမ်ကဟာကြီးနဲ့တော့ကွာပါ့..၊ ဆယ်တန်းဖြင့် ဖြေပြီးမယ်မကြံသေးဘူး အတင်းကိုခိုးပြေးတာလေ” သူ့ယောက်ျားကို မေးငေါ့ပြကာ မအေးက ဂုဏ်ယူ သလို လို စိတ်ပျက်သလိုလို အရွှန်းဖောက်လာ၏။

ထိုညက အတော်ညဥ့်နက်သည်အထိ ကိုမောင်ရွှေတို့အိမ်မှာ မယ်ဒလင် တီး သီချင်းဆိုကြရင်း ကျနော် တောင်ပေါ် ကျောင်းသို့ပြန်မတက်ဖြစ်တော့ပဲ ကွမ်းပင်အုပ်ကြားက ကွပ်ပျစ်ကလေးပေါ်တွင် အိပ်ပျော်သွားခဲ့ ၏။

မနက်လင်းတော့ ကို မောင်ရွှေက လာနှိုး၏ ။
ကပြာကယာ မျက်နှာသစ်ကာ သူတို့မိသားစုနှင့်တူတူု လက်ဖက် သုတ်ဖြင့် ထမင်းကြမ်းစားပြီးတော့ တောင်ပေါ်ကျောင်းဖက် ခပ်သုတ်သုတ်ပြန်လာခဲ့၏။

တောင်ခြေ က ဒေါ်သိန်း၏ ခြံထဲတွင် အိမ်က တိုယိုတာ ကိုရိုလာ ကား နှင့် ပါ့ ဘလစ်ကာ ၊ ဆန် နီပစ်ကပ် ကားများ ကိုတွေ့လိုက်ရတော့ ခေါင်းနည်းနည်းကြီးသွားမိ၏ ။ ဒေါ်သိန်းတို့ခြံဟိုဖက် ဒေါ်ကုလားမ၏ ခြံထဲတွင်တော့ ဘတ်စ်ကားကြီးနှစ်စီးကိုတွေ့ရ၏။

ကျနော်လဲ သုတ်သီးသုတ်ပြာဖြင့် ကျောက်လှေကား ကလေးမှ အပြေးတက်ကာ တောင်ပေါ်သို့လာတော့ ကျောင်းရှေ့ စပယ်ခြုံများ ဘေးမှ ဇောင်းပါတိတ် ၀မ်းဆက်ဖြင့် အသားဖြူဖြူ ခပ်လှလှမိန်းမတယောက်ကိုဘွားကနဲတွေ့လိုက်၏။

ကျနော် ကိုယ်ရှိန်သပ်ကာ ကျောင်း ဆီသို့ ဖြေးဖြေးလှမ်းလာခဲ့၏။

ကျနော့်အဒေါ် အငယ် ဆုံး က ကျောင်း ရှေ့ သို့ထွက်အလာနှင့် တည့်တည့်တိုးတော့ “ညက မင်း ဘယ်ကိုသွားတာလဲ ၊ ဆရာတော်က ပြောတယ် မင်းညက ပြန်မအိပ်ဘူးတဲ့ဟုတ်သလား ”
“ အင်း..ဟုတ်တယ်..သား ည က တောင် အောက် က ရွာ က ကိုမောင်ရွှေတို့ အိမ်မှာ” ပြန်ဖြေရင်း အမေပါ ကျောင်းထဲမှ ထွက်လာသည်ကိုတွေ့တော့ အမေ့ကို ပြုံးပြမိ၏။
“ မမ.. မမ..သားက ဒီမှာစည်းမဲ့ကမ်းမဲ့ ဖြစ်နေတာ သိသလား ”
အမေ့ဖက်သို့ သမင်လည်ပြန်လှည့်ကြည့်ရင်း ကျနော့် အကြောင်းစတင်မြည်တွန်တောက်တီးတော့“ ဟယ်..ထွေး ကလဲ..သူလဲ လူငယ်ပဲ တခါတလေသွားတာပဲ မင်းတို့ကလဲ ကဲကိုကဲတယ်” ဆိုသောအသံကို ကျနော့်နောက်ကျောက ကြားလိုက်ရတော့ ကျနော်လှည့်ကြည့်လိုက်မိ၏။

ကျနော့် အဒေါ်က ဘာမှဆက်မပြောတော့ပဲ စိတ်ပျက်သောမျက်နှာဖြင့် ကျနော့်ကိုကြည့်ကာ အမေ့ကို တောင် ထိပ်ပေါ်မှ မဏိမေခလာ စေတီတော်ဆီသို့ သွားကြမည်ဟုပြောကာ အမေနှင့် တူတူ ကျောက်လှေခါးထစ်များအတိုင်း တောင်ထိပ်ဆုံးပေါ်သို့တက်သွားကြတော့ ထိုမမလှလှက
“ မောင်လေး…မမကို ဒီနားတ၀ိုက်လိုက်ပြပါလားဟင်…”



ဆက်ရန်

ငြိမ်းဇေဦး

Thursday, June 26, 2008

Bewitched




ငြိမ်းဇေဦး (ရေဆေး)

ကြောင်တကောင်ရဲ့ အကြောင်းပြချက်

မှောင်ရိပ်အတိ
ချောင်ပိတ်မိနေတာပါ
ငါမညံ့ဘူး တဲ့..။

ငြိမ်းဇေဦး

ဆင်ခြေ

ကုန်သွားတဲ့ အချိန်တွေဟာ
ငုံထားတဲ့ စိမ်ရေ ဆိုလဲ
မျိုချလိုက်ရင် ....

အနည်းဆုံးတော့ ..
ညာလို့ရနိုင်သေးရဲ့.....။


ငြိမ်းဇေဦး

Wednesday, June 25, 2008

Moment






ငြိမ်းဇေဦး (ရေဆေး)

Tuesday, June 24, 2008

Virgin



ငြိမ်းဇေဦး ( ဆီဆေး)

ဘ၀ကိုထုဆစ်ခြင်း

ပန်းချီမဟုတ်
ပန်းပုရုပ်မို့
မှားလို့ မရ ...။

ငြိမ်းဇေဦး

Monday, June 23, 2008

လျော့ဈေး

ရင်ဘတ်ဖြုတ်
ချဉ်ဖတ်လုပ်တော့မယ်
ကြိုက်ရင်လာတို့..။
ငြိမ်းဇေဦး

Grass Flowers


By MoeThee(Digital Art)

I don't know



ငြိမ်းဇေဦး (ရေဆေး)

မစီးတဲ့မြစ်


တိမ်တိုက်တွေ ပြိုကျမှ
လို ဘ ပြည့်ရတဲ့ ဘ၀တော့မဟုတ်ပါဘူး
ဒါပေ... မင်းထင်သလို
ငါဟာရူးသွပ် နေတဲ့မြစ်တစင်း
ဖြစ်ကောင်းဖြစ်မယ်လေ ….။

ဒါဆိုလဲ …
စီးဆင်းခြင်းတွေ အလဟဿဖြစ်လွန်းလို့
ကိုယ့်ကိုယ်ကိုရိုက်ချိုးပြီး ဟောဒီ ချိုင့်ဝှမ်းမှာ နေခဲ့တဲ့မြစ်ပေါ့…။

ပြောဖို့လိုမလား….
ငါ့ရဲ့ရွေ့လျားခြင်းဟာ
အငွေ့ပျံသွားတဲ့အခါမှ
တိမ်လွှာတွေဖြစ်လို့ တခြားမြစ်တွေပေါ်ခုန်ချ
အဲလိုဆိုလဲ
အမှန်က ဘ၀ကိုဖဲ့ပေးရတာပါ..။

ကွေ့ကောက်ရတာတွေကိုစိတ်ကုန်လို့
မြစ်အဖြစ်ကို စွန့်လွှတ်ခဲ့တဲ့မြစ်ပေါ့
လန်းဆန်းမှုတွေ လိုချင်ရင်
ရှင်းသန့်ဆေးကြောချင်ရင်
ဒါ့အပြင်..
ဆာလောင်နေရင်လဲ သောက်သုံးနိုင်တယ်…။

မင်းပစ်ခဲ့တဲ့ခဲလုံးတွေကို
ပုလဲလုံး တွေဖြစ်အောင် မဖန်ဆင်းနိုင်တဲ့
ငါ့ရဲ့ဖြစ်စဉ်ကိုတော့ ခွင့်လွှတ်ပါကွယ်…

ဒီမှာ အချစ်ရေ..
မြစ်သေကြီးတစင်းပေမယ့်
အပြစ်တွေချည်းခင်းနေတဲ့
ဖြစ်စဉ်မဟုတ်သလို
မင်းကို မျိုချမယ့် မြစ်တော့မဟုတ်ခဲ့ပါဘူး။

ငြိမ်းဇေဦး

Sunday, June 22, 2008

Pregnant mango



ငြိမ်းဇေဦး ( ရေဆေး)

အန်ဖတ်



စင်္ကြ၀ဠာ အပြင်ဖက်မှာ
ည.. မနက် ဆိုတာ
ရှိဘူး ဟဲ့ ...
အကွာအဝေးဆိုတဲ့အရာ
တိုင်းစရာ ပေတံ
ရှိဘူးဟဲ့ အပုရဲ့...။


မာဆတ်ဆတ်တောင်တန်းတွေ
အပျိုပေါက်ယောင်ဆောင်ပြီး
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့
ဆန့်ဆန့်ကြီး လှဲပြနေတဲ့ ရိုးမ
လေးဘက်နာနဲ့ပြန်မထနိုင်ခဲ့တာလဲ ကြာပြီ။

ဒို့မြို့လေး က
ညတွေကို အဲဒီညီအမတွေရဲ့
လက်ဖက်ရည်ဆိုင်လေးထဲ
ပြူးတူး ပြဲတဲ ထိုးသိပ်တယ်
ဆေးပေါ့လိပ်တလိပ်စီနဲ့.........။

ဘူတာမှာ
နာနာကျင်ကျင် ဆွဲဆွဲငင်ငင်
အဲဒီအမြန်ရထားကြီး အူပြီဆိုရင်
ပန်းသည်က ချမ်းတယ်ပြောပြီး
ကျစ်ကျစ်ပါအောင်သူ့ကိုယ်သူဆွဲတင်
ရထားပေါ်တက်
ဗာဒံပင်ကငှက်တွေအမြဲအိပ်ရေးပျက်
ငါကဂစ်တာတစ်လက်နဲ့
ငါ့တန်ဘိုးမဲ့မှုတွေကို
သက်သေပြရတာအမော...။

ငါပိုး ဖို့ တွေးဖူးတဲ့ ဖင်ကြီးကြီးကောင်မလေးက
ည ည သီချင်းထငြီးသတဲ့
မောင့်အချစ်မျှားစူး ရူးရပြီကော ဆိုပဲဟဲ့
အဲဒီမျှားက ငါ့အနားကဖြတ်သွားခဲ့တာ
ကြာတော့ကြာပြီလေ
နွေပေါင်းဆယ်ချီ ပေါ့...။


မှုန်တေတေ မဟာဆန်တဲ့ ကောင်မလေးလဲ
ခုတော့ ကြာဆံတွေ ဖွေးစပြု
သူ့ယောက်ျားရဲ့ မပစ်ကောင်းတဲ့ဝင်ဒေါင်းကြီး ဖြစ်လို့
တောမြို့လေးတမြို့မှာအခြေချ
ညညဆိုသတင်းတွေဖတ်ရင်း
သက်ပြင်းတွေနဲ့ သူ့ကိုယ်သူယပ်ခတ်
ချွေတာတတ်နေရဲ့..။

ဟဲ့ နင်သိလား ...
ကျောင်းရှေ့ က ယူကလစ်ပင်တွေက
ငါတို့ဘ၀တွေ..ငါတို့မိဘတွေဘ၀တွေ
ငါတို့မျိုးဆက်တွေရဲ့ဘ၀တွေကိုကြည့်ပြီး
လူမဖြစ်ချင်ဘူးလို့ ငြီးကြတဲ့အသံတွေကို
နင်က တရှဲရှဲလို့ ဘာသာပြန်တာဟ
သေချာ ထနားထောင်
ယောင်ကိုင်းနေတဲ့ ကုက္ကိုပင်ကြီးတွေ အသိ...။

လွမ်းတယ်ဟာ..
ထန်းရေနဲ့ကြွက်ကြော်
ချက်မပေါ်တဲ့ အပျိုမတွေခြေသားလုံး
ပြုံးပြုံးကြီးနေတတ်တဲ့ဒို့ဆရာကြီး
အဲ..အဲ.. သူ့ကြိမ်လုံးကြီးကလွဲလို့ပေါ့...
ကျော့ကျော့လေးစက်ဘီးနင်းတဲ့
ညနေခင်း အပျိုတအုပ်ရဲ့
အငမ်းခံညနေတွေမှာ
အစွမ်းတသန်နဲ့
ငါတို့တာဝန်ကျေခဲ့တာကအစ..။

ပြန်ကြည့်လိုက်တော့ အမြီးကျက်အမြီးစားနေတဲ့
အမြီးပေါက်သွားတဲ့ကောင်တွေပဲ
ဝဖြီးစိုပြေ လူယောင်ဆောင်နေတဲ့
ဒို့မြို့လေးဟာ
တနှစ်တခါ
ဝေဒနာအသစ်တွေကို ချစ်တတ်တဲ့
ဆရာတွေကိုကန်တော့ရင်
စင်ပေါ်က ချိနဲ့နဲ့ အနန္တ ဂိုဏ်းဝင်တွေ
ငါတို့ပျောက်ဆုံးနေတဲ့ခုံနေရာတွေကိုကြည့်ရင်း
နှစ်တိုင်း မျက်ရည်ဝဲ
ယူကလစ်ပင်တွေလိုပဲ ..
လူမဖြစ်ချင်ဘူးလို့ငြီးခဲ့တာ ဘယ်နှစ်နှစ်များရှိခဲ့ပါ့...။

ကဲဟာ..
ငါ့သံယောဇဉ်ကို
ဟိုဘက်ဒီဖက်တိုင်မှာချည်လို့
ရာသီဟောင်းတွေဖြန့်လှမ်းရင်း
အတိတ်တခင်းကိုရိတ်သိမ်းနေမိလိုက်တာ
မိုးတွေတောင်ရွာစပြု
သွားဦးမယ်အပုရေ...
ငါ့ခြေရာငါသိမ်းရင်း
ငယ်တုန်းကသီချင်းလေးနဲ့ ငါပြန်အန်ခဲ့တယ်
ငါ့ဝိဥာဉ်ထဲ ကတော့ထိုးပြီး
နင်သွန်ချခဲ့သမျှ ...။


ငြိမ်းဇေဦး
(“ကေသွယ့်ဆောင်းပါး ဘာတွေပဲ ဖြစ်လာ..ဖြစ်လာ..” ကို ရင်ပြိုအောင် ခံစားမိသဖြင့် ရေးမိပါသည်။)

Saturday, June 21, 2008

အနှစ်နှစ်ဆယ် အမေ



ကျနော်ဟာ
စင်္ကြ၀ဠာကြီးရဲ့အစိတ်အပိုင်း တစ်ခုပါ အမေ။

တခါတလေ
ကမ္ဘာမြေလေးမှာစိုးတယ်
ကိုးကွယ်ရာမဲ့မှုတွေနဲ့
နှောင့်နှေးတဲ့နေရာမှာ
အစောတကာ့အစောဆုံး
အာရုဏ်ဦး တုံးခေါက်သံကတောင် နောက်ကျရတဲ့
အမေ့သားလေ။

ရွှေထွက်မလာပေမယ့်
ရေစက်ပါမလားဆိုပြီး
စုံမှိတ်ယုံခဲ့တာလဲ များလှပြီ အမေရေ..
ဟာဟ..
မှတ်မိသေးတယ် အမေပြောခဲ့တာ
“ငါ့သား သဘောကောင်းပုံက
မိန်းကလေးသာဆို ကလေးတောင်းနဲ့လိုက်ကောက်ရမယ်”ဆိုတာ
သိပ်မှန်တာပေါ့ အမေရာ
ခုတော့ ဝေဒနာတွေနှစ်ချို့
ချစ်ဖို့ ကို ကြောက်သွားတာဗျို့။

ငယ်ငယ်က ဒေါနပန်းလေးတွေကို
သဘောကျနမ်းမွှေးပြီး
သောကငြမ်းလေးဆင်လို့
မေတ္တာအိမ်ကလေး ဆောက်ခဲ့ဖူးတော့လဲ
ငနဲမ က အသည်းစတွေကို ဖျစ်လို့
လက်သည်းဆေး ဆိုးပစ်လိုက်ကတည်းက
တော်သေးသပ ကိုယ်ကမချစ်ခဲ့လို့
ကံသီသမို့ပေါ့အမေရာ
အဲသဟာပေါ့ ငါ့သားအသည်းနာနေတာလို့
အမေကတော့ပြောဦးမယ်….။

အမေရေ…
ဒီည တန်ဘိုး သတ်မှတ်မှုတခုက
ဘ၀ကို ကန့်လန့်ဖြတ်နင်းသွားပြန်ပြီ
စိတ်ကတော့ လော်ကယ်ရထားကြိတ်သွားတဲ့
ကြက်သားကင်ရောင်းတဲ့ကုလားလေးလို
သဂြိ င်္ုလ်သူဝေးလို့
ကိုယ့်မြို့ ကိုယ်ခေါက်သိမ်းလို့
ခပ်စိမ်းစိမ်းကြည့်ခဲ့ရတာများလှပြီအမေ…။

နေ၀င်ရင် ပေ ပင်ကြီးအောက်က
ရိုး မ ကို ငေးရတာလွမ်းတယ်…….။

မိုးလင်းရင် တိုးညှင်းတဲ့လေပြေနဲ့
လက်ဖက်ရည်တစ်ခွက်ကိုလွမ်းတယ်…။

ညနက်ရင် တမာနံ့တွေသင်း
တမာပွင့်တွေကြွေ
ခရေနံ့တွေ ရောယှက်
စပါယ်ရနံ့တွေတချက်ချက်သင်း
ညမွှေးပန်းခင်းကြီးကိုလွမ်းတယ်…။

ကျနော်ဟာ စင်္ကြ၀ဠာကြီးရဲ့အစိတ်အပိုင်း တစ်ခုပါ အမေ။
ပြီးတော့….
အမေ့ကိုလွမ်းတယ် အမေရယ်..
ခုတော့ နေကွယ်လုပေါ့………..။


ငြိမ်းဇေဦး

Friday, June 20, 2008

မနိုးချင်တော့ဘူး လောကကြီး





နေတတ်ထိုင်တတ်တဲ့သူများတော့
သံသရာကို မာဖလာလိုအသုံးချတတ်သေး
ဆောင်းအေးအေးမှာခေါင်းလေးဖော်ယုံ ပတ်ခြုံလို့ဗျား…။

ငါ့မှာတော့ ….
အတ္တအမြှေးပါးကလဲ
ခနခနပေါက်ပြဲလှချည်ရဲ့
အဲဒီအမြှေးပါးကိုပဲ
ဟိန္ဒူ သတို့သမီးလို တန်ဘိုးထားခဲ့ရတာလေ….
ခုတော့ ပွေးညှက်နဲ့ ဖာထေး..
လှေစုတ်လေးလို
လှော်ခတ်ခဲ့ရတာပေါ့ လက်ပမ်းတော့ကျလှပြီဟဲ့။


ဘဂ၀ါဂီတ အဆိုအမိန့်တွေထက်
ဂန်ဂျာတပြောင်းနဲ့ သံသရာပေါင်းများစွာဖြတ်ချင်ခဲ့သလို
ဘောလုံးကိုလဲ အဖြစ်ရှိရှိကန်ချင်သေးတာပေါ့
ခပ်ပေါ့ပေါ့တော့မဟုတ်ခဲ့ဘူးပေါ့လေ…။


ကဲ…
အာလို့လဲကောင်းပါရဲ့
ညောင်းလာခဲ့တဲ့စိတ်တွေ
အဆိပ်ပြေ ကြည်လင်အောင်
ဒူးထောင်ပေါင်ကား အမှောင်သားတထပ်ကြီးဆွဲခြုံလို့
အသည်းပုံလေးတော့ဖြစ်ချင်မှဖြစ်မယ်ပေါ့လေ
ကွေးကွေးလေးအိပ်တော့မယ်… ဖြစ်ချင်ရာဖြစ်……….။

ငြိမ်းဇေဦး

Wednesday, June 18, 2008

ငယ် ငယ် (လေး)




သံသယပင်လယ်ထဲ ပစ်ချခဲ့တယ်လားငယ်….။

အလွမ်းတို့ မြစ် တစင်းသို့ စီးဆင်း တိုက်စားတတ်သည်ဆိုပါလျှင် နှလုံးသား ကမ်းပါးသည် တရွေ့ရွေ့ ပြိုကျ ပျက်သုန်းသွား တတ်သော သဘောနှင့် တည်းတည်းလေးသာ ကျန်တော့မည်ဖြစ်ပါ၏ ..ငယ်…..။

ငယ် ဆိုသော အပြစ်ကင်းသည့် ကောင်မလေး၏ ပျော်ရွှင် ရယ်မောသံတို့သည် တချိန်က နှင်းဖြူလွလွတို့ ပန်းကတ္တီပါ ကောဇောခင်းသကဲ့သို့ တဖွဲဖွဲကျနေသော ညများတွင် လှိုက်လှဲ လှိုင်းခတ်ခဲ့ဖူးပါ၏…ငယ်..။

ထိုအချိန်တွင် ငယ်သည် သူကိုယ်တိုင် သန့်စင်ဆေးကြောပေးခဲ့သော ဦးခေါင်းမှ ဆံပင် တို့ကို သူမ၏ ပါးနှင့် ထိယုံလေး မှီကာ ကလေးငယ်တစ်ယောက်လို ကျောကုန်းပေါ်တွင် ပုံ့ ပုံ့ အိအိလေး ဖြင့် ကျနော် ကုန်းပိုးသယ်ဆောင်ရာသို့ ရှက်ရယ်ရှက်ပြုံးသက်တန့်လေးလင်းကာ “ ကိုကို ရယ် တခြား လူတွေ မြင်ကုန်တော့မယ် ” ဟု နှင်းဖြူလွများ ခိုတွဲ နေသော သူမ၏ ဆံပင်ရှည်တို့အား ဝေ့ကနဲ မြင်းပျိုရိုင်းမလေး ဆံနွယ်ခါသကဲ့သို့ ခေါင်းကလေးယိမ်းရင်း မေးလာတော့… လောကကြီးတခုလုံးမှာ ကိုကိုနဲ့ ငယ်ပဲရှိတယ်လို့ ကျနော် က ယုံခဲ့မိသူပါ..။

လမင်းသာတဲ့ညတွေကို ချစ်တယ်…။ မိုးခြိမ်းသံတွေကိုကြောက်တယ်…။ ညပြတင်းတံခါးက
အလင်းပါးပါးလေးဝင်လာလျှင်.. လေပြေတွေတိုက်ခတ်လို့ ပင်မြင့် ရွက် ပျိုတွေ လှုပ်ခတ်လျှင်… အတိတ်တွေ အနာဂတ်တွေကို တောင်ပြာတန်းကြီး၏ ရင်ဘတ်အပြည့်ငုံထားသော လျှို့ဝှက်မှုများဟုမြင်ကာ အလည်အပတ်မသွားလျှင် … ကလေးတယောက်လိုအပြစ်ကင်းပြီး အကောင်းဆုံး ချစ်သူ တယောက်လို ကြင်နာမြတ်နိုးတတ်သည့် ငယ်ဆိုသော ကျနော့် ၀ိဥာဉ် ကို မေတ္တာတရား အနန္တဖြင့် ၀ယ်ယူခဲ့ဖူးသော ကျနော်၏ ပိုင်ရှင်လေးသည် ယခုအခါတွင် စိတ်နာမှုများ ၀မ်းနည်းနာကျင်မှုများ သစ္စာမဲ့မခံနိုင်မှုများဖြင့် ကျနော်ဆိုသော လူတယောက်၏ အသံ ၊အရိပ်၊ သက်ဆိုင်ခဲ့ဖူးသော အတိတ်တို့အား ပြည်ဖုံးကားချခွင့် အတွက် လက်ဆယ်ဖြာ ယှက် ကာ ဆုချွေတောင်းနေဦးမည်ဆိုလျှင် ငယ်နှင့်ထပ်တူထပ်မျှ ထိုတောင်းသောဆုများပြည့်စေချင်သူမှာ ကျနော်ဆိုသော ထုံထုံအအ လေးပင် ဖင့်နွှဲတတ်သည့် လူသားမှ လွဲ၍ အခြားမည်သူရှိနိုင်မည်နည်း….။

တကယ်တော့ သစ္စာမမဲ့ခဲ့ဘူးငယ်၊ မေတ္တာ ဝေ ဆုချွေတောင်းရင်း ချစ်ခြင်းအတိနဲ့ အလွမ်းမြစ်ထဲ နစ်ဆင်းမိ နေသော်လည်း မကူးမခတ် မရုန်းတတ်သလို နစ်မွန်းခံ မယ့် အချစ်ကျွန်းပြန် အကျဉ်းသားတယောက်ပါ။
မင်းသနားလောက်အောင် စကားတွေနဲ့ သွားလေမယ့်ခြေလှမ်းတွေကို လေကြမ်းတွေ ပြင်းထန်တိုက်လို့ နောက်ဆုတ်ပြန်လာ.. ဒီမှာ….ရင်နှစ်မြွှာဖွင့် အသင့်ကြိုဆိုနေပါတယ်လို့လဲ စောဒကတက်လို့ မင်းကို သောကဖက်အောင် ငြှို့ယူနိုင်စွမ်းလဲ မရှိပါဘူးငယ်….။

…………..
သံသယ ပင်လယ်မှာ ဘ၀လှေငယ် ပျက်ရပြီဆိုမှဖြင့် ယုံကြည်ခြင်း ကမ်းခြေ သစ် ဆီသို့ မည်သူမျှ ကြိုးစားပမ်းစားလက်ပစ်ကူးသွားကြလိမ့်မည်မဟုတ်ဟု တဦးတယောက်က ဆင်ခြင် ဆွေးနွေးမှုပြုခဲ့ပါလျှင် ငယ်ဖျော်ခဲ့ပေးဖူးသော ကော်ဖီ တခွက်အား ငယ့်  ခေါင်းကလေးတင်ကာ အိပ်စက်ခဲ့သော ညာဘက်လက်ဖြင့် လှမ်းယူရင်း ပြန်လည်ငြင်းဆန်အားရှိချင်ပါ၏ ငယ်…။

သို့သော် ကျနော်ကိုယ်တိုင် သံသယပင်လယ်တွင် သစ္စာရေစင်အား ဆာလောင်စိတ်ဖြင့် သောက်သုံးမိသမျှ သံသယဆားငံရေတို့ဖြင့် အားအင်ကုန်ခမ်း နွမ်းလျ နာကျင် ကာ ဝေဒနာ ခန္ဓာရုပ်ဖြင့် အဆိပ်သင့်ခဲ့မိပြီးမှတော့
အရာရာသည် လွမ်းမျက်ရည်များအဖြစ် ထိုပင်လယ် အား ပိုမို ပြည့်လျံစေကာ ကျနော့်ကိုယ်ကျနော် နစ်သည်ထက် ပင် နစ်မွန်းနေပေတော့မည် ကို ငယ် သိပါလေစ…။ ဆန္ဒမှန်ဖြင့် ရင်နင့်စွာ ခပ်ဖွဖွပြောခဲ့လိုပါသည် ငယ်…။

သက်ဆုံးတိုင်ရည်ရွယ်ပြီးချစ်ခဲ့တာပါငယ်… ။
ခံစားမှုပိုင်းဆိုင်ရာမလုံခြုံချိန်မှာ ယာယီအားကိုးတွယ်တာခဲ့မိတာပါ ဆိုတဲ့စကားတွေက ဆာမူရိုင်း စစ်သည်တော် တယောက်ရဲ့ ကာတားနား ဓါးတလက်လို ကျနော့်ရင်ဘတ်ကို ဟက်တက်ခွဲခဲ့ခြင်းဟာ ငယ် ရည်ရွယ်ခဲ့တာဆိုရင် ရှုံးနိမ့်ခြင်းလို့ ဘယ်သောအခါကမှ မသတ်မှတ်ခဲ့တဲ့အတွက် ကျနော့်ကိုယ်ကျနော် ဟာရာကီရိမလုပ်ပဲ ရင်ကွဲအောင် ထိုးခုတ်လို့ အောင်လံထူသွားပါ ငယ် သိက္ခာမဲ့စွာ ကျဆုံးခြင်း ဖြစ်မယ်ဆိုရင်တောင် လက်နက်ချခဲ့ပြီးသားပဲ ငယ်ရယ်…..။

“ငယ်ရေ ခုတော့………….ချယ်ရီတွေတောင်ပွင့်ပြီလေ ....
တချို့ကြွေ လို့ ပေါ့ ငယ်ရယ်………………………”။


ဆက်ရန်

ငြိမ်းဇေဦး



Monday, June 16, 2008

ကိုဖိုးညို မငိုတတ်တော့ပါ




အမေက...
“ မငြိုငြင်ပါဘူး
ငိုချင် ငိုလိုက် သား ရေ ”တဲ့
ပြုံးမဲ့မဲ့မျက်ရည်သုတ်လို့
မြို့ ဘက်ကိုမျှော်............။

“လူလေးရယ်..ညည မိုးကရွာ
ခြင်က ကိုက်.. အမေ ဆာလိုက်တာ...
ငါ့မြေးလေးတွေမှ ကျွတ်လွတ်ကြပါ့မလား”
အံနာနာကြိတ်ရင်း ပြောရှာရဲ့....။

ဟော....
သားအကြီးက
ကားတစ်စီး လာတာမြင်တော့
သော့ကနဲထပြေး လက်ကလေးနှစ်ဘက်မြှောက်လို့
“ကျနော်တို့ဒီမှာ... ကျနော်တို့ဒီမှာ
ကူကြပါ ..ကယ်ကြပါ ”
သူ့ခမျာ ၀မ်းဟာဟာနဲ့ ..။

တရွာလုံးပဲ့ကျသွားတာပေါ့ အဲဒီကားလမ်းမဆီကို
ပုရွတ်ဆိတ်တွေလိုတန်းစီလို့...။

ညကအိပ်မက် မက်တယ်
အငယ်မ က ဖျား
သားလတ်က အီ
ချစ်ဇနီးက မျက်ရည်တွေနဲ့
“အကိုရယ် အထက်ပြည်သွား အလုပ်ရှာပါ့လား”တဲ့
မိုးစက်တွေသည်းထန်တော့ အိပ်ယာကပြန်နိုး
မျက်နှာလေးညှိုးနေတဲ့ဇနီးကို အထက်ပြည်ခရီးထွက်
အလုပ်တက်ရှာပါ့မယ်လို့
ကတိလေးတောင်မပေးလိုက်ရ ..။

ကိုယ်ဝန်သည် မယား
သမီးငယ်နဲ့သားလတ်
ဘယ်အရပ်မှာ ငါမသိ
အစာမရှိပဲ အိပ်ရတဲ့ညတိုင်း
သူတို့ကိုအိပ်မက်
မိသားစုထမင်းဝိုင်းလေးကိုအိပ်မက်
တရက်ရက်တော့ ပြန်ဆုံနိုးနဲ့
တလကိုးသတင်းလဲကျော်ခဲ့ပြီ။

“လူလေးရေ..
ငါ့မြေးကြီး ရလာတဲ့
ဆန်လေးနဲ့ ပဲ တဗူး ကို ချက်ပြီးရင်
မနက်ဖြန်မနက်ဆွမ်းတော်တင်ချင်သကွယ်
အမေ့ကို ဘုရားစင်လေး ဆောက်ပေးပါ”တဲ့
ချိနဲ့နဲ့ မလုံမလဲ တဲစုတ်လေးမှာ
ဓနိကာ ဓနိမိုးလို့ တိုးလျှိုးအိပ်နေရတဲ့အထဲ...
ကဲလေ အမေစိတ်ချမ်းသာပြီးရော့ ဆိုပြီး
နှီးလေးတွေ ထဖျာလို့ ...
ကောင်းကင်ကြီးကမိုးတွေညို့။

“အဖေရေ
အမေပြန်လာရင် ပြောပါ
သားအိပ်တော့မယ်နော်
ညီလေးကိုအော်မငိုစေနဲ့
ညီမလေးကို မကိုက်တတ်အောင်သင်ပါဦးအဖေရာ”
ကိုးနှစ်ကျော်သားကြီးက စောင်စုတ်လေးဆွဲမရင်း မှာရှာရဲ့....။

ကိုယ်မပြုတဲ့အမှားတွေနဲ့
ဘုရားရဲ့ဥပေက္ခာပြုမှုကပဲရင့်သည်းလွန်းသလား...။

ရိုးရိုးသားသား
ဘုရား နဲ့တရားနဲ့
မမှားတဲ့သူတွေကိုမှ
ဘ၀ဖျက် သုတ်သင်ချင်တဲ့ တန်ခိုးရှင်တို့ရေ
အမေကတော့ဆုတောင်းတုန်း သူ့ခေါင်းအုံးဘေး
ပုတီးလေး ဖြေးဖြေးစိပ်လို့.....။

လေပြေတွေဟာ
လေပြေမဟုတ်တော့ဘူး
မိုးဖွဲတွေဟာ
မိုးဖွဲမဟုတ်တော့ဘူး
ပန်းပွင့်တွေဟာ
ပန်းပွင့်မဟုတ်တော့ဘူး
ဘ၀တွေဟာ ဘ၀မပီတော့ဘူး
ညတွေဟာ ည မမည်တော့ဘူး
အလှတွေ တစစီကြွေသွားခဲ့ပြီ
မျက်ရည်တွေဖြစ်လို့...။


ခုလေ....
လရောင်တွေ လှေဆိပ်မှာထိုးတော့
ဝိုးတ၀ါးအရိပ်တွေပြိုပြိုကျ
ငိုရမှန်းမသိတော့ပါဘူး.........။

ငြိမ်းဇေဦး
ကဗျာရွတ်သံနားဆင်လိုလျှင်

Saturday, June 14, 2008

ကြည်နူး ဖွယ်နွေည


ည၏အသံ
ကာရံပါးပါး
မိုးတိမ်သားတို့
ရွေ့လျား တိတ်ဆိတ်
ကြိတ်ပုန်းရွက်လွှင့်
ကောင်းကင်မြင့်မှာ...။

ကြယ်ကလေးများ
ဝိုးတ၀ါး လင်း
တိမ်တွင်းထိုးဖောက်
လရောင်အောက်မှာ
သိမ်မွဲစွာ.....။

တိမ်သား လေလွှာ
ရွေ့ကာပြေးလွှား
ညသားမှောင်ရီ
ဒီပန်းချီကား
ခနငှားရင်း
ပြတင်းတံခါး
ချိတ်ထားပါရစေ
နွေညရေ........။
ငြိမ်းဇေဦး


သစ်ဆွေးကိုင်း ရဲ့ နိယာမ


နှုတ်ခမ်းဖျား သင်္ဘောရိုးတေ့ပြီး
ဆပ်ပြာပူဖောင်း လေးတွေမှုတ်တတ်ချိန်မှာ
ငါ့ကိုယ်ငါ..
ကြယ်တာရာ..
လမင်း ..
ကမ္ဘာ ..
စင်္ကြ၀ဠာကို ဖန်ဆင်းတတ်သူပါလို့
တယောက်ထဲ စောဒကတက်ခဲ့...။
ငါ့ကိုချွင်းဂမ်းတပြားပေးပါ
လမင်းကိုမှုတ်ထုတ်ပြမယ်လို့
ပီကေတွေ ၀ါးရင်း အစွမ်းပြ
ကိုယ့်သံသယတွေကိုယ
အံတိုအောင်ဝါးလို့ မှုတ်ထုတ်ရ...။


အမှန်တော့ ..
ငါ ဟာ ...
အဖြစ်မရှိတဲ့ကောင်ပါကွယ်
်အချစ်မရှိတဲ့ထောင်မှာ
ယောင်နာနာလူဖြစ်လို့
သစ်ခြောက်ပင် ကိုင်းဖျားလို
လမင်းပျို ချိတ်မယ့်ညမှာ
ကျိုးကျသူပါ.....။


ငြိမ်းဇေဦး




Friday, June 13, 2008

ဆောင်း နှောင်း ဘွန်ဇိုင်း



ငြိမ်းဇေဦး(ခဲဖြင့်ရေးဆွဲသည်)


ဂမုန်း အိုးလေး



ငြိမ်းဇေဦး(ခဲဖြင့်ရေးဆွဲသည်)

ရေချမ်းစင်



ငြိမ်းဇေဦး (ခဲဖြင့်ရေးဆွဲသည်)
rest of my post

full post

Give them the future...




ငြိမ်းဇေဦး (ခဲ ဖြင့်ရေးဆွဲသည် )


full post

Sunday, June 8, 2008

ဖုန်းဆိုးနာမ်


ကိုယ့်စိတ်ဟာ ဟိုင်းဝေးလမ်းမကြီးပါ

ခံစားမှု ခါးခါးတွေ နင်းသွားလားသွားရဲ့..။
ဘ၀အညစ်အကြေးတွေ စွန်းထင်းလားထင်းရဲ့...။
ဒီလိုနဲ့ ပြုပြင်မှုကင်းမဲ့လာခဲ့တာ
ဘာဆိုဘာမှ ဖြတ်သွားမခံနိုင်တော့တဲ့အဖြစ်နဲ့
ဖုန်းဆိုးကြီးဖြစ်ခဲ့ရပေါ့..............။

ငြိမ်းဇေဦး






ခပ်တုံးတုံး


တချို့ မိန်းမတွေက

အသည်းကွဲရင် အသေ၀ါးတယ်။
တချို့မိန်းမတွေက

အသည်းကွဲရင် ဈေးထဲ ပတ်တယ်။
တချို့ မိန်းမတွေက

အသည်းကွဲရင် မာချဉ်ချဉ်နဲ့ ရွဲ့ တယ်။
တချို့မိန်းမတွေက

အသည်းကွဲရင် မရဲတရဲစာရေးတယ်။
တချို့မိန်းမတွေက

အသည်းကွဲရင် တရားပွဲသွားတယ်။
တချို့မိန်းမတွေက

အသည်းကွဲရင်
ကွဲတဲ့အသည်းဆွဲဖြုတ်လက်သုတ်ပုဝါလုပ်တယ်....။
ငါကတော့နှုတ်ခမ်းကိုသုတ်လို့....။


ငြိမ်းဇေဦး




Saturday, June 7, 2008

အမုန်း များ၏နောက်


တယ်လီဗီးရှင်းကို မုန်းလာတယ် ။
နွှေးစားရတဲ့ ညစာတွေကို မုန်းလာတယ် ။
မျက်ခုံးထူထူနဲ့ မဲ့ပြုံးတွေကို မုန်းလာတယ်။
ညာသံပေးပြီး အော်တတ်တဲ့ တယ်လီဖုန်းကိုမုန်းလာတယ်။
လျှပ်စစ်မီးရောင်တွေကိုမုန်းလာတယ်။
အငွေ့ရှူ ရတဲ့ အဖြစ်တွေကိုမုန်းလာတယ်။
ဘာသာဗေဒတွေနဲ့ မျက်လှည့်ပွဲတွေကိုမုန်းလာတယ်။
ငါ့ကျောကုန်းအောက်က အိပ်ယာကြီးကိုမုန်းလာတယ်။
တောင်ပံမဲ့ ဖြစ်တည်မှုကိုမုန်းလာတယ်။
အိမ်ယာမဲ့ ကျောပိုးအိတ်ကိုမုန်းလာတယ်။
စီးကရက်ငွေ့တွေနဲ့ ဗြောင်ဖောက်ပြန်တဲ့ ငါ့အဆုပ်ကိုမုန်းလာတယ်။
သေရည်တွေနဲ့ အခမဲ့ ပျော်တတ်တဲ့ ငါ့ပါးစပ်ကိုမုန်းလာတယ်။
ဆီးပဲသွားနေရတဲ့ ငါ့ ဖွားဖက်တော်ကိုမုန်းလာတယ်။
ဂစ်တာ၊ ပန်းချီ၊ စာပဲ စီတတ်တဲ့ ငါ့လက်တွေကို မုန်းလာတယ်။
နှစ်ပေါင်းငါးထောင်ကျမှ ထကွဲမယ့်ချိန်ကိုက်ဗုံးတွေကိုမုန်းလာတယ်။
ဘယာဇီယာမပါတဲ့ မိန်းမတွေကို မုန်းလာတယ်။
အကြည့်တွေနဲ့ အတင်းထိချင်တဲ့ငါ့မျက်လုံးတွေကို မုန်းလာတယ်။
ဖောဌဗ္ဗ အာရုံတွေနဲ့ ဇိမ်ကျချင်တဲ့ အရေပြားတွေကိုမုန်းလာတယ်။
သောတအာရုံတွေနဲ့ ခမ်းနားချင်တဲ့ နားတွေကိုမုန်းလာတယ်။
ရသ တဏှာနဲ့ လိမ်တတ်တဲ့ ဒီလျှာကြီးကိုမုန်းလာတယ်။
အမွှေးနံ့တွေ ချွေးနံ့တွေနဲ့ ယဉ်ပါးချင်တဲ့ နှာခေါင်းကိုမုန်းလာတယ်။

မလွှဲမရှောင်သာပြုံးရတဲ့ စုန်းမလို မျက်နှာတွေကိုမုန်းလာတယ်။
ဖြုတ်မရတဲ့ ဒုက္ခတွေကိုမုန်းလာတယ်။
တုမရတဲ့ သုခတွေကို မုန်းလာတယ်။
ထန်းသားပက်လက်ကုလားထိုင်မှာ တဟားဟား ရယ် ဖူးတဲ့ ငါ့အဘိုး စကားတွေကိုမုန်းလာတယ်။

မိတ်ကပ်လိမ်းရမှအပြင်ထွက်တတ်တဲ့ နန့် ပြာလူးစိန်တွေကိုမုန်းလာတယ်။
သနပ်ခါးရေကြဲနဲ့ ရွှေခဲ ကြက်တူရွေးတွေကိုမုန်းလာတယ်။
အားလုံးကိုမုန်းလို့ ဗုန်းတလုံးမြိုချ သေရမယ့်အဖြစ်ကိုမုန်းလာတယ်။

မုန်းရတာတွေများလာလွန်းပြီး
မုန်း ရတာ မုန်းလာတဲ့အဆင့်မှာ
ချစ်ခွင့်တွေရချင်လာတယ်
ငါ့ရင်ခွင်တထွာတမိုက်ကို
မိုက်ရင်ဝင်ခဲ့...............။

ငြိမ်းဇေဦး



ဝိရောဓိ လိပ်


ဘုရား က လဲ
“ချစ်သား.. ငါအားကြီးစိတ်ညစ်တယ်”လို့
မစို့ မပို့  တောင်းဆုတွေ အတွက်
စိတ်ပျက်လက်ပျက်ငြီးခဲ့ပြီ။

ပဌာန်း ဒေသနာ ကို
အလွမ်းဝေဒနာနဲ့ရွတ်ခဲ့တာလဲ
တခါရွတ် မိနစ် သုံးဆယ်
မုန်းတယ်... ဆိုတဲ့ စကားကို တောင်
အရှိအတိုင်းလက်ခံဖို့
အရေခွံက ပါးရသေး။

သမ္မာကျမ်းစာနဲ့
လွမ်းနာကို ဖယောင်းချက် ကပ်ကြည့်ပြန်တော့လဲ
အာမင် ပဲ အဖတ်တင်ခဲ့တာ အကြိမ်ကြိမ်...။

လမင်းကြီး ပိန် ကပ် နေတဲ့ ကောင်းကင် နိုင်ငံကို
မှောင်ပြီဆို မော့ကြည့်ရတာအမော။

ဒါနဲ့ ပဲ .... ၀ါယမစိုက်ထုတ်မှုတွေ
ကြွပ်ကြွပ်အိတ်ထဲထည့်လို့
နှုတ်ဆက်ခဲ့ရတာလဲ ဒုနဲ့ဒေး။

မတွေးချင်တော့ပါဘူး
တဖက်ကမ်းရောက်ဖို့ .....
လက်ပစ်ကူးတတ်ရင် ဖြစ်ပါတယ် ဆိုတဲ့ စိတ်နဲ့
ပင်လယ်ဘေးအိပ်ခဲ့တာကြာပေါ့...........။

ငြိမ်းဇေဦး




တွင်းထွက်မဟုတ်သော





ငါတို့ မှာ အခွံတခုမရှိခဲ့မှတော့
ငိုမနေနဲ့ ပေါ့ အချစ်ရေ
မျက်ရည်တွေ ပုလဲဖြစ်တဲ့ အထိ။

ငါ့ရင်ကိုခွဲကြည့်ရင်လဲ
ပတ္တမြားတခဲမရှိမယ့်အတူတူ
အငိုရပ်လိုက်ပါအချစ်ရေ...။

ငါလဲ ရင်ဘတ်ကို ပြန်စေ့
ရင်ငွေ့ ပေးလို့  ထွေးပါ့မယ်
တိတ်တော့ကွယ်နော် .........။

ငြိမ်းဇေဦး

Friday, June 6, 2008

လသားအိပ်မက်



ဓါတ်သားတွေ ကွန့်မြူးနေလိုက်တာ
မှော်သွေးတွေကြွလို့
ညည ထ စိတ်ကူးယဉ်ရတဲ့ ကောင်နာမရဲ့
နှုတ်ခမ်းသားမှာ....
အလွမ်းစကားတွေမရှိတာခက်တယ်..။

အလှပဂေး ညီမလေးရေ
ပီယဆေးတွေလဲ ကုန်ပြီ
အနုအကြမ်း နည်းလမ်းပေါင်းစုံလဲကုန်ပြီ
လုံချည်တောင် ကံကောင်းလို့ကပ်တဲ့ အဖြစ်နဲ့
ရူး မတတ်ချစ်...။

ဘာပဲဖြစ်ဖြစ် သိပ်ချစ်တာအမှန်ပါပဲ
ဒီတော့...
ပြုံးဖြဲဖြဲနဲ့ ရင် ခံ
မစားရတော့လို့ ချဉ်ပြန်ရဲ့ ပြောသွားမယ့်
လဒအုပ်မှာ .....
ငုတ်တုတ်ကြီး နားနေမယ့်ထဲ ငါ မပါသလို
မရဲတရဲ သဲနဲ့ပက် ထွက်ပြေး
တိတ်တိတ်လေးလွမ်းမယ့် လူကြမ်းလဲ မဟုတ်ပါဘူးဟာ...။

တနေ့မှာ နေတခါထွက်တာ ကျိန်းသေတယ်
လတခါသာတာမကျိန်းသေဘူး
နင့်ကိုလွမ်းတာကျိန်းသေတယ်
နင်ငါ့ကိုချစ်တာမကျိန်းသေဘူးလေ..။

ဒီနွေကြီးထဲ
လရောင်ရှားတဲ့
ညအမှောင်များနဲ့
ထ ယောင်သွားခဲ့ မိတယ် ဟာ...။

နင်အိပ်ခဲ့တဲ့ ခေါင်းအုံး အိအိကြီးဖက်လို့...
ချိုချိုတွေစို့ ................။


ငြိမ်းဇေဦး

Thursday, June 5, 2008

ကျဆုံးသွားတဲ့ငါ့မြို့တော်




ဟယ်လင် ရေ....
ဖုတ်သက်ဝင်သလို မျက်လုံးတွေနဲ့
ငါ ပြုံး မိသွားပြီ...။

ချစ်ဖို့ကြောက်တဲ့ မျှစ်စို့ပေါက်ကြီးတွေကို
အပြစ်တင်စရာမလိုတော့ဘူး..
ဟယ်လင်ရှိနေပြီ ပဲ...။

ပန်းကလေးတပွင့်ပါ.. ဟယ်လင်...
မီးလျှံပွင့်ဖတ်တွေနဲ့..
လျှပ်စီးဝတ်မှုန်တွေနဲ့
ငလျင်လို တုန်ခါ တတ်ရဲ့.....။

နင့်ဝတ်ရုံဟာ ခမ်းနားလှရဲ့
ဆီဆေးပန်းချီတချပ်လို ...
အထပ်ထပ်ခွာချချင် လိုက်တာ
ပီကာဆို ဘာပြောမလဲ.....။

စင်္ကြ၀ဠာထက်ခမ်းနားတဲ့ အတွင်းသားကို
သီချင်းများနဲ့ ဖြိုချ ချင်ပါရဲ့....
မငိုနဲ့တော့ ဟယ်လင်...
ငါ့ရင်ခွင်ဟာ ကြက်ကင်တကောင်လောက် အဟာရမဖြစ်ပေမယ့်
သုံးတတ်ရင် ဆေးဖြစ်လို့
တေးအသစ်တွေ ဖြတ်သွားတဲ့ ဓါတ်ပြားတချပ်ပါကွယ်
အချစ်နဲ့ နားဆင်....။


ငါ့မြို့ကြီး ကျဆုံးဖို့
အငိုမျက်လုံးတွေနဲ့ ချစ်ခဲ့တာမဟုတ်ပါဘူး ဟယ်လင်ရယ်...
အားလုံးပြီးဆုံးသွားခဲ့ရင်
ငါ့ဓါးချက်တွေငြိမ်သက်ခဲ့ရင်
ငါကိုယ်တိုင် ကောင်းကင်ဘုံရဲ့ငြင်းပါယ်ခြင်း ခံရခဲ့ရင်
တစပြင်မှာချန်ခဲ့....
ကျန်ခဲ့မှာပါ............................။

ဟော... နားထောင်စမ်း..
ဝိုင်တခွက်ထဲက အသည်းကွဲစောင်းသံ
နှုတ်ခမ်းဖျားမှာပေါ့ ဟယ်လင်
နေ၀င်ပြီလေ...........။


ငြိမ်းဇေဦး