Thursday, January 31, 2008

လူညာကြီး ရဲ့ စိတ္တဇ




လူညာကြီး ရဲ့ စိတ္တဇ

ဒင်းနဲ့မှ ချစ်တတ်လာပြီ
ညာလိုက်ရတာ အခါ ခါ ...
အချစ်ဆိုတာ
လွမ်းချင်သူများ အတွက်
တခါသုံး ဆေးမြီးတို ဖြစ်ဖြစ်သွားသတဲ့.....
လျှာဖျားလေးနဲ့ မထိတထိလျှက်
အညှိတက်နေတဲ့ အာရုံ
ကြုံ...ကြုံဖူးပေါင်...။

ကြံရာမရတဲ့အဆုံး
ဖက်ခေါင်းအုံးဖြစ်ခွင့်ကို
ဖယောင်းတိုင်ထွန်း
ကွမ်းတွေမန်း
အမေဂျမ်းကို ပသ
ခဏလေးဖြစ်ဖြစ်
ဖြစ်ခွင့်ရ ဖို့
တခါတလေလဲ
ပေါရဲမှု ပုံစံစုံနဲ့
ကြံမိကြံရာကြံ...။

တာတေ ကို လန် ရော ....
တရားဟော ဓမ္မ ကထိက လို
မျက်နှာချိုသွေး
ခပ်အေးအေး .....
ကောင်မလေးကို သွေးဆောင်
တခါတခါလဲ ဓါးပြ တကောင်လို
ခြိမ်းခြောက် ....
ဟိန်းဟောက်လို့
စိတ်နောက်ရ...
ဂွပဲ....။


ရေမရှိတဲ့ ချောင်း
နှာခေါင်းဖော် သေပြ ချင်လောက်တဲ့ မေတ္တာနဲ့
ချစ်ခဲ့ရတာပါ မျောက်မူးလဲမလေးရယ်...
ဒီလိုလဲ ..
ဘယ်နှစ်ကြိမ်ညာ ခဲ့မိတယ် ဆိုတာ
သေချာ ပြန်တွက်ကြည့်ဖြစ်ရင်
ကာကူလိတ်တာကြီး မီးလောင်ပြင် ဖြစ်သွားနိုင်ရဲ့...။။

မင်းရဲ့ နှုတ်ခမ်းလေးကို
ဘီယာလိုစုတ်ချင်တယ်
ရင်သားလေးကို
နေကာမျက်မှန်လို တပ်ချင်တယ်
............... တယ်
.....................တယ်
..........တယ်
တူ..နယ် တဲ့..နယ် နဲ့
စိတ်ကူးနဲ့ရူး........။

ငြိမ်းဇေဦး

ဈေးကွက်မရှိတဲ့ အလှူ


ဈေးကွက်မရှိတဲ့ အလှူ

မထွန်းကား မထင်ရှားတဲ့
ဘ၀နဲ့ပဲ...........
မနောကံအညစ်အကြေးတွေ
ဖျစ်ညှစ်အံ....
နောက်တော့ ပြန်မျို
အဲလို သွေးပြန်ကြောနဲ့
ချည်နှောင်ခံထားရတဲ့
နှလုံးသားကလဲ
ဘယ်ဘက်အိပ်ကပ်ထဲမှာ
ထုတ်သာ ယူသွားတော့ဟယ်...။

ငြိမ်းဇေဦး

Wednesday, January 30, 2008

အချောင်သမားတဦးရဲ့ မိမိကိုယ်ကိုယ် ဝေဖန်ရေး







အချောင်သမားတဦးရဲ့ မိမိကိုယ်ကိုယ် ဝေဖန်ရေး

လူကဖြင့် သေခါနီးနေပြီ
ခုထိဘေဘီတုန်း
ဟဲ့...
အံ့ကျော်ကြီးအပြုံးနဲ့
ငါးခုံးမတစ်ကောင်ရဲ့............
ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းရင်း
အညောင်းတွေပြေ....။


ငြိမ်းဇေဦး

Tuesday, January 29, 2008

ဆိတ်ငြိမ်ပင်လယ်


ဆိတ်ငြိမ်ပင်လယ်....။


သမုတိ လောက ကို
အခု အထိသဘောမကျ ပေမယ့်
အနုပဋိလောမနဲ့လဲ ဖြေတတ်ခဲ့ပြီ....။


ငြိမ်းဇေဦး

မင်းရဲ့သီချင်း……….



မင်းရဲ့သီချင်း……….

တောက်...
ဝေးလိုက်တဲ့ခရီး
ပင်လယ်ကြီး က ခြားသေး
နင့် ရင်ခုန်သံလေး ဆိုနာနဲ့ဖမ်း
ရေဒါနဲ့ထောက်လှမ်းဖို့
အိပ်လို့ ကိုမရဘူး ဟဲ့ ..။

အမေ ဟာ ...
ကောင်မလေး များစွာကို
ဘယ်ဟာ ငါ့ချွေးမလဲ
မေးရ မလို
ငါက စကားတွေ မချိုတော့
တအား ပိုချစ်လို့ 
အလကား ငို မပစ်ဖို့
ခနခန ဟန်ဆောင်ရ
ဝေး နေကြတာကိုး...။

မိုးပြာရောင် ကောင်းကင် ကို
ခေါင်းစဉ်တွေ တပ်
တကြောင်းပန်းချီ တွေ ထပ်နေတဲ့
တိမ်ဖြူမျှင်တွေ ဟာ
ငါ့အာရုံကို ငါးတကောင်လို မျှား
ကြွတ်ကြွတ် ၀ါးနေရဲ့...။

ရှားပါးလှတဲ့ ဆံပင်ဖြူတစ်ချောင်းကို
အသာနှုတ် လက်ခုပ်ထဲထည့်
လွမ်းတဲ့အကြောင်းမပို
စာပို့ ခိုလေးတကောင်လို မင်းဆီစေလွှတ်
ဇွတ်ပဲ ဆိုးချင်ရဲ့..။

ဒီလိုနဲ့
လင်းတလှည့် မှောင်တလှည့်
မအိပ်နိုင်တဲ့သူဟာ
ကမ္ဘာ့ဆွဲအားနဲ့ မှားယွင်း
မင်းအတွက် သီချင်းတပုဒ်ပေါ့
မင်း အိပ်မယ်ဆို ချော့သိပ်ဖို့ ...။



ငြိမ်းဇေဦး


စိတ်ချ ဘေဘီလေး




စိတ်ချ ဘေဘီလေး ...

စိတ်ချ
ဘယ်တော့မှ ငါ့ ဒဏ်ရာနဲ့
မင်းကို ညစ်ထေးစေမယ့်သူ မဟုတ်ဘူး။

လက်မတင်လေး ကပ်ကပ်ကွဲရတဲ့
အသည်းကလဲ
အမြဲနာ...
ငရဲမှာကျောင်းဆောက်လို့
ချောင်းပေါက်အောင် အာနာပါန ကမ္မဌာန်းနဲ့
အသက်ရှုသမျှ လွမ်းတဲ့
ရဟန်းဘွဲ့ ခပ်နှိပ်
မင်းကို ကိုးကွယ်ရင်း တိတ်တိတ်လွမ်းမယ်..။

လိင်တံကြီးထွားဆေးတွေ
ထွန်းကားနေတဲ့ ခေတ်မှာ
အချစ်ရေ..
ငါကတော့ ဦးနှောက်ကြီးထွားရေးကိုသာ
ရှာဖွေလိုအပ်ရဲ့…
ဘော် ၊ ဒန် ၊သံ၊ရွှေ နဲ့
အဂ္ဂိရတ်လဲ ထိုးခဲ့..။

ငါ့ကို ဘာသာမဲ့လားတဲ့
ဘာဝနာနဲ့ မှား မှားနေတတ်တော့
ငရဲမှာနေတယ်
အသည်းဟာကြွေတယ်
နေကွယ်ရင် တိတ်တိတ် လွမ်းပေမယ့်
အနှိပ်ခန်းတွေနဲ့ကင်းတဲ့သူဆိုတာ
လူသိအောင်ပြောဖို့ လိုတာမှမဟုတ်တာ..။

ဒီမှာလေ….
ဘေဘီလေးရေ
လက်ပွန်းတတီး အလွမ်းတွေနဲ့
ငါတော့ စခန်းချခဲ့ပြီ....
မျက်ရည်တွေနဲ့ခြေဆေးတော့...။




ငြိမ်းဇေဦး

Monday, January 28, 2008

ငါ့ အော့ကြောလန်မလေး


ငါ့ အော့ကြောလန်မလေး

“ချစ်သူရေ...”
နင့်မေကလွှား...
အင်မတန် လျှာယားလိုက်တဲ့အသံ
ဟဲ့ ..အော့ကြောလန်မလေးရဲ့
ငါ မခေါ်တတ်ဘူးကွယ့်...။

ငါ လန်ဒန် သိမ်းမြစ်ဘေးမှာ
မင်းကိုတွေ့ခဲ့တာမဟုတ်ဘူး
ပါရီက အီဖယ် မျှော်စင်မှာ
ရင်ခုန်ခဲ့တာမဟုတ်ဘူး ...။

လက်ညောင်းလှပါပြီတော်လို့
မအော်တဲ့ လေဘာတီရုပ်တုကြီးအောက်
နယူးယောက်မှာ လမ်းအတူလျှောက်ခဲ့တာမဟုတ်ဘူး ......။

မော်စကိုက လီနင့်အလောင်းကို
နှာခေါင်းမပိတ်ပဲ
ရုံဝင်ခပေးကြည့်ရင်း
သက်ပြင်းတွေမျှခဲ့မိတာမဟုတ်ဘူး..။

ဟနွိုင်းမှာ ကင်းမြီးကောက်ကြော်
မြွေသားအရက်နဲ့ မင်းရဲ့ရှက်ပြုံးကို
တလုံးပြီးတလုံးသောက်ရင်းမြည်းရင်း
ခရီးပြင်းတခုကို ခေါ်ခဲ့တာမဟုတ်ဘူး....။

ဒီ အကြောင်းတွေကို
ဒို့နှစ်ယောက် ကောင်းကောင်းသိခဲ့တာပေါ့
အော့ကြောလန်မလေးရယ်...။

ငါ့ကို တရားတွေဟော
ဒေါသတွေသိမ်း
စရိတ်ငြိမ်း စိတ်ထိမ်းဖို့ ပြောရင်း
သီချင်းတွေနဲ့ အပျင်းဖြေသတဲ့လား........
ဝါး............ အိပ်လိုက်ပါဦးမယ်လေ...
မျက်ရည်တွေနဲ့သမ်းလိုက်တယ်....။

ငြိမ်းဇေဦး

မသူတော်၏ မသူတော်ဖြစ်ခြင်းအကြောင်း


မသူတော်၏ မသူတော်ဖြစ်ခြင်းအကြောင်း


တောက်တဲ့ကပြောတယ်
မင်းနုပါသေးတယ်ကွာ..တဲ့
ဒါနဲ့... တောက်တဲ့ကိုရိုက်သတ်ခဲ့တယ်...။

ဆြာဂျေအေ မောင်ကြီး
ဆြာဘွဲ့ရဖို့....
သခင်..သခင်လို့ ဘယ်နှစ်ခါ ခေါ်ခဲ့ရတာ
ငါမသိ....
တောက်တဲ့ကို မမေးလိုက်မိဘူး...။

တစ်တီတူးကပြောတယ်
မူးချင်လို့ ဇောက်ထိုးနေတယ်မထင်နဲ့
ကမ္ဘာမြေကြီးရဲ့ ရူးသွပ်မှုကို
ကွင်းလုံးကျွတ် အမြင်ပြောင်းကြည့်ချင်လို့တဲ့...
ဒါနဲ့ ... တစ်တီတူးကို
စူး ချွန်နဲ့ ...
ထိုးသတ်ခဲ့တယ်...။
ရာဘင်ဒြာ နတ် တဂိုး
ဆေးခြောက်ခိုးတွေ ဘယ်လောက်ရှူလို့
ကဗျာတွေ
ဘယ်လောက် မှုတ်ထုတ်ဖြစ်တယ် ဆိုတာ
ငါမသိ...
တစ်တီတူးကို မေးမကြည့်လိုက်မိဘူး....။

ပြန်စဉ်းစားမိတယ် ….
တောက်တဲ့ဆိုတဲ့ သတ္တ၀ါကို
ဘယ်သူက တောက်တဲ့လို့ ခေါ်ခဲ့တာလဲ...။

တစ်တီတူးဆိုတဲ့ငှက်ကို
ဘယ်အရူးက
တစ်တီတူးလို့ခေါ်ခဲ့တာလဲ...။

ထားလိုက်ပါ….
ကဲ....
ဖဲတထုတ်နဲ့
တဲစုတ်ပေါ်က အသုဘကို
ကန်ထရိုက်ယူလိုက်ဦးမယ်လေ
မျက်ရည်တွေ ရွှေဖြစ်ဖို့...။

ငြိမ်းဇေဦး


















Sunday, January 27, 2008

ကောင်းကင်ဘုံ ရှာပုံတော်


ကောင်းကင်ဘုံ ရှာပုံတော်

ဟိုး ရှေးရှေးတုန်းက .... တော အုပ်ကလေး တစ်အုပ် ရှိခဲ့တယ်။
အဲဒီတောအုပ်ကလေးထဲမှာ အလွန်တရာမွှေးပျံ့ လှတဲ့ ပန်းတမျိုးထဲသာပွင့်တဲ့ ဥယျာဉ်ကြီး တခုရှိသတဲ့....။ အဲဒီဥယျာဉ်ကြီးထဲကို ဖြတ်လျှောက်သွားမယ်ဆိုရင် ပန်းကလေးတွေဟာ နေရောင်ခြည် ရဲ့ အနွေးရှိန်ပေါ်မှာလိုက်ပြီး
ပုံသဏ္ဍာန်လေးတွေနဲ့ အရောင်လေးတွေပြောင်းသွားတတ်တာကို မြင်ရပါသတဲ့...။

အဲဒီပန်းဥယျာဉ်ကြီးထဲမှာတမျိုးတည်းသော တေးဆိုငှက် ကလေးတွေသာ နေကြပါသတဲ့။ တေးဆိုငှက်ကလေးတွေဟာ အာရုံကျင်း မနက်လင်းပြီဆိုရင်ပဲ သူတို့ရဲ့ အင်မတန်လှပအရောင်အသွေးကြွယ်တဲ့ တောင်ပံစုံကိုဖြန့်လို့
ထွက်ပြုစနေမင်းကြီးကို ဦးခိုက်ရင်း နံနက်ခင်းကို သီချင်းလေးတွေနဲ့သံပြိုင် သီဆိုကြရင်း ဦးညွတ် နှုတ်ဆက်ကြတာပေါ့။

တေးဆိုငှက်ကလေးတွေဟာ နေမင်းကြီးကို ဦးညွှတ် နှုတ်ဆက်တဲ့သီချင်းလေးဆုံးတာနဲ့ ပန်းပွင့်လေးတွေဆီမှာ ၀တ်ရည်လေးတွေ စုပ်ကြသတဲ့။ အဲသလိုပဲ အင်မတန်လှပတဲ့လိပ်ပြာလေးတွေကလဲ သူတို့ရဲ့ ရွှေမှုန်ငွေမှုန်လေးတွေ မှုန်းသီထားတာနဲ့ တူပြီး ပတ္တမြား ၊ နီလာ ပုလဲတွေ မြှုပ်သီထားတာနဲ့ တူတဲ့ ရောင်စုံ လင်းလက်နေတဲ့ တောင်ပံလေးတွေနဲ့ ၀တ်မှုန်လေးတွေကူးတဲ့အလုပ်ကို ပန်းကလေးတွေအတွက်

တာဝန်ယူပြီးလုပ်ပေးနေကြရင်း
တကောင်နဲ့တကောင် ကလူကျီစယ် လို့  အမြဲတန်းပျော်ရွှင်နေကြတယ်တဲ့...။

အဲဒီဥယျာဉ်ကြီးကနေ အရှေ့ဖက် စူးစူးကိုတက်သွားမယ်ဆိုရင် တောင်ကုန်းကမူပြေပြေလေးတွေနဲ့ အေးမြကြည်လင်နေတဲ့ စမ်းရေလေးတွေ ဖြေးဖြေးလေး စီးနေတဲ့စမ်းချောင်းလေး ရှိသတဲ့။
အဲဒီစမ်းချောင်းလေး ထဲမှာ ဖန်သားလိုကြည်လင်တဲ့ ငါးကလေးတွေ ရွှေသားအစစ်လို

ဝင်းလက်တောက်ပြောင်ပြီး ပတ္တမြားလုံးလေးလို မျက်လုံးလေးတွေနဲ့ငါးကလေးတွေ ငွေသားအစစ်လို အဆင်းအရောင်ရှိတဲ့ငါးကလေးတွေ ရေစီးကြောင်းမှာ လူးလွန့် ကူးခတ်ရင်း ရေမှော်ရေမြက်ကလေးတွေကို ပါးစပ်သေးသေးလေးတွေနဲ့ စားနေကြသတဲ့...။

အဲဒီစမ်းချောင်းလေး စီးလာတာကတော့ ဟိုး အရှေ့ ဖက် အကျဆုံးတောင်တန်းကြီးတွေက ဆင်းလာတဲ့ရေတံခွန်ကြီး က ဖြစ်ပါသတဲ့....။ အဲဒီရေတံခွန်ကြီးဟာ အမြင့်ဆုံး တောင်ကြီး
တစ်လုံး ပေါ်ကနေ စီးကျနေတာပေါ့....။


အဲဒီတောင်ကြီးရဲ့ ထိပ်ဖျားတောင်ထွဋ်ဟာ တိမ်ယံဝေဟင်ထဲထိ ထိုးဖောက်နေပြီး အဲဒီတောင်ထိပ်ကို သက်ရှိသတ္တ၀ါ တကောင်တလေမျှ ခြေမချခဲ့ဖူးသေးဘူးတဲ့ကွယ်.....။

တနေ့တော့... အဲဒီတောအုပ်ကလေးရဲ့သာယာပုံလေးတွေ ငှက်ကလေးတွေရဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ တေးသံလေးတွေ အင်မတန်လှတဲ့ စမ်းချောင်းလေးတွေကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်ဟာ သူ့ဖန်ဆင်းမှုတွေကိုကြည့်ရင်း
ပီတိဖြစ်နေသတဲ့ ပြီးတော့ စိတ်ချလက်ချပဲ တရေးအိပ်မယ်ပေါ့ဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့တာပေါ့...။

အဲဒီအချိန်မှာပဲ နတ်ဘုရားတပါးဟာ ခရီးထွက်လာရင်း ကမ္ဘာလောကကြီးကိုရောက်လာခဲ့တယ်
ပြီးတော့ တောအုပ်ကလေးဆီကိုရောက်လာခဲ့တယ်.....။ အဲဒီတောအုပ်ကလေးဆီကိုရောက်လာတဲ့အခါမှာ အင်မတန် မွှေးပျံ့တဲ့ ပန်းရနံ့တွေကို ရှူရှိုက်မိတော့ ခနတော့ ၀င်ကြည့်ဦးမယ်လေဆိုတဲ့
စိတ်ကလေးနဲ့ ပန်းဥယျာဉ်လေးထဲထိ ၀င်လာခဲ့တယ် အင်မတန်လှပတဲ့ပန်းဥယျာဉ်ထဲကို ရောက်တာနဲ့ သူဟာ တခဏတော့ ပန်းဥယျာဉ်လေးထဲမှာ နားဦးမယ်လေ ဆိုပြီး နားနေတာပေါ့ ... ။

အဲလိုနားနေတဲ့အချိန်မှာပဲ ပန်းနုရောင်နဲ့ စိမ်းပြာရောင် လည်ကြားလေးနဲ့ အပြာရောင်ငှက်ကလေးဟာ နတ်ဘုရားရဲ့ ပုခုန်းပေါ်လာနားတယ်တဲ့ ။
နတ်ဘုရား ကို လည်း နှုတ်ခွန်းဆက်သ သတဲ့။ ဒါနဲ့ နတ်ဘုရားဟာ အင်မတန် ဖော်ရွေတဲ့ငှက်ကလေးတွေပါလားလို့ ကောက်ချက်ချပြီး ပန်းဥယျာဉ်ထဲမှာသူဟာ နတ်ဘုရားတပါးဆိုတာကိုမေ့သွားလောက်သည်အထိ ကြည်နူးပြီး လိပ်ပြာလေးတွေရဲ့
အက မှာ သာယာနေသတဲ့....။

နတ်ဘုရားဟာ ခဏကြာတော့ ရေဆာလာတာနဲ့ ရေစီးသံလေးတွေကြားတဲ့ စမ်းချောင်းလေးတွေဆီကိုလာခဲ့တယ်တဲ့ ပြီးတော့ အင်မတန် အေးမြတဲ့ စမ်းရေလေးတွေကိုသောက်ပြီး လှပလွန်းတဲ့ငါးကလေးတွေ ကူးခတ်နေတာကိုကြည့်ရင်း
စမ်းရေစီးဆင်းရာ စမ်းချောင်းဖျားဆီကိုသွားကြည့်ဖို့ စိတ်ကူးမိသတဲ့...။

နတ်ဘုရားဟာ တဖြေးဖြေးနဲ့ စမ်းချောင်းလေးအတိုင်း ဘေးနားကမ်းက သီပြီးလျှောက်လာလိုက်တာ တဖြေးဖြေး ရေတံခွန်ကြီးက ငွေစင်တွေသွန်းဖြိုးသလို တဝေါ၀ါ ထိုးကျနေတာကိုမော့ကြည့်မိတော့ တောင်ထိပ် ကို မခန့် မှန်းနိုင်ဘူးတဲ့လေ။

နတ်ဘုရားဟာ တောင်ထိပ်မှာ ဘာရှိပါလိမ့်မလဲဆိုတဲ့ စူးစမ်းချင်စိတ်နဲ့ တခါထဲ ..အင်မတန်ကြီးမားလှတဲ့သစ်ပင်ကြီးတွေ ကြားကနေပြီး ကောင်းကင်ယံ တိမ်တိုက်တွေအဆုံး တောင်ထိပ်ဆီကို သူ့ တန်ခိုးနဲ့ ဖြတ်ပျံတက်သွားပါသတဲ့...

အဲဒီလို ပျံတက်သွားလို့ တောင်ထိပ်ကိုရောက်တယ်ဆိုရင်ပဲ အင်မတန် ခန့် ညားကြီးမား ပြီး လင်းထိန်တောက်ပနေတဲ့ ပတ္တမြား နံရံကြီးကာထားတဲ့ အထဲက ကျောက်စိမ်း ရင်ပြင် ရယ်
စိန်နဲ့လုပ်ထားတဲ့ရေပန်းလေးတွေ ဧရာမ ပုလဲကြီးကို ထွင်းထု ပုံဖော်ထားတဲ့
ပန်းပုရုပ်ကလေးတွေ ရယ် ရွှေသား ငွေသားတွေအတိပြီးတဲ့ ကြေးမုံ မှန်တွေ ရယ် နဲ့ လှပ အံ့မခမ်းဖွယ် နန်းတော်ကြီးကိုရောက်သွားတော့တာပဲတဲ့ကွယ်....။

နန်းတော်ကိုရောက်တဲ့အချိန်မှာ နတ်ဘုရားဟာ ဆာရှာပြီ ဒါနဲ့ နန်းတော်ဆောင်တွေထဲမှာ စားဖို့ သောက်ဖို့ တွေ့ လိုတွေ့ ငြားလျှောက်ရှာရင်း အမွှေးနံ့တွေသင်းပြီး ပန်းပွင့်ချပ်လွှာတွေ ကတ္တီပါကော်ဇောလိုခင်းထားတဲ့ အခန်းကျယ်ကြီးထဲကိုရောက်လာသတဲ့..။

အခန်းအလယ်က ဟန်ချက်ညီညီ ယိမ်းကျနေတဲ့ ဆီမီးတိုင်က မီးညွန့်လေးတွေဟာ နတ်ဘုရား ၀င်လာတဲ့အခါ အကရပ်သွားကြတယ် ...။ ရေကစားနေတဲ့အသံလေးလဲရပ်သွားတော့တယ်တဲ့.... ။
ခန်းမကျယ်ကြီးရဲ့ ညာဘက်ဘေးမှာက ရွှေကွပ်ထားတဲ့ ကြွေသားအတိ
ရေကန်ကြီး တစ်ကန်ရှိပြီး ရေကန်ထဲမှာ ပန်း ပွင့်လွှာတွေ နဲ့ ရေကန်အောက်မှာ ကျောက်စိမ်းသားကြမ်းပြင်နဲ့ ပြီးတော့ ရေကန် ရဲ့ ဘေး နှစ်ဖက်မှာ က အလွန်အင်မတန်သေးငယ်တဲ့
သစ်ပင်လေးတွေ ၀ါးပင်လေးတွေ နဲ့ ဥယျာဉ်ငယ်လေးနှစ်ခုရှိသတဲ့
အဲဒီရေကန်လည်မှာတော့ အရောင်အ၀ါတွေတောက်ပပြီး ပြစ်မျိုးမှဲ့ မထင် တဲ့
လှပ ချောမွေ့ ဆွဲဆောင်အားကောင်းတဲ့ နတ်သမီးလေးတစ်ယောက် ရေ ကစားနေတာပေါ့....။

နတ်သမီးလေးဟာ နတ်ဘုရားကိုမြင်တော့ ရင်တွေခုန်လို့  ရွှေသားအိအိတွေနဲ့ ပိုးသား နုနုတွေရောယှက် ယက်လုပ်ထားတဲ့သူ့ ဝတ်ရုံလေးကို မမှီ့ တမှီလှမ်းယူရှာတယ်တဲ့ .... ။
အဲဒီအချိန်မှာ နတ်ဘုရားဟာ နတ်သမီးလေးရဲ့ ၀တ်ရုံလေးကို ယူပေးရင်း ကျောခိုင်းနေလိုက်သတဲ့ ..။ နတ်သမီးလေးဟာ သူ့ ဝတ်ရုံကို သူလဲလိုက်ပြီးချိန်မှာ ပဲ ဖန်ဆင်းရှင် ဟာ အိပ်ယာက နိုးလာသတဲ့ကွယ်...။

အိပ်ယာကနိုးလာတာနဲ့ တပြိုင်နက်ထဲ သူ့ ရဲ့ နန်းတော်ကြီးထဲမှာ သူစိမ်းတယောက် ရောက်နေပြီဆိုတာ သိတော့ ....သူမဖိတ်ခေါ်ပဲ လာတာကိုသိတော့ ဒေါသအမြက်ချောင်းချောင်းနဲ့ လိုက်ရှာတာပေါ့....။
နတ်သမီးလေးခမျာလဲ သူ့ ဖခင် ဖန်ဆင်းရှင်ကို ကြောက်လွန်းတော့ နတ်ဘုရားကို ကြံရာမရ
ပြောမိပါတယ်တဲ့ ... သူ့  တပင်တိုင် ခမ်းဆောင်မှာ ခုလို သူစိမ်း နတ်ဘုရားတစ်ယောက်နဲ့တွေ့ တာကိုမြင်ရင် ထာဝရ အပြစ်ပေးခံရပါတော့မယ်ဆိုပြီး ငိုတဲ့အခါ...
နတ်ဘုရားဟာ နတ်သမီးလေးကို ချော့ရင်း တခါထဲပဲ သူ နဲ့  လိုက်ခဲ့ဖို့ ခေါ်ရှာတယ်တဲ့ ....။

အဲသလိုနဲ့ နတ်ဘုရားဟာ နတ်သမီးလေးကို ဖန်ဆင်းရှင်ရဲ့ နန်းတော်ကြီးထဲက ခိုးလာခဲ့ပြီးတော့ ကမ္ဘာလောကကြီးထဲကို ပြန်ဆင်းလာခဲ့တယ်တဲ့ ကွယ်...............။

အန်မတန်ဒေါသထွက်နေတဲ့ ဖန်ဆင်းရှင်ဟာ သူ့ ရဲ့ တန်ခိုးအာဏာနဲ့တခါထဲပဲ အဲဒီ နတ်ဘုရားနဲ့ နတ် သမီးလေးကို အပြစ်သားတွေအဖြစ် သတ်မှတ်လိုက်တယ်တဲ့ ...ပြီးတော့ အဲဒီအချိန်ကစပြီး နတ်သမီးလေးနဲ့ နတ်ဘုရား ရဲ့ ပျံနိုင်တဲ့တန်ခိုးတွေ
ကို နှုတ်ယူလိုက်သတဲ့ကွယ်... ။

အဲဒီအချိန်ကတည်းကစပြီး မိန်းကလေးများက ရတနာနဲ့အလှအပကို နှစ်သက် ကြပြီး ယောက်ျားလေးတွေဟာလဲ စူးစမ်း စွန့် စား ရှာဖွေချင်စိတ်တွေ ရှိလာကြရင်း နှစ်ဦးလုံး ဟာ အပြစ်သား ဆိုတဲ့ ဘ၀ကို ပန်းဥယျာဉ် ထဲ က တေးသံတွေကြားက
အေးမြစမ်းရေလေးတွေသောက်လို့  ဖြတ်သန်း ကုန်ဆုံးချင်တဲ့စိတ်တွေ ဖြစ်လာကြတာပေါ့ကွယ်......။
ကာလတွေ ကြာလာတဲ့အချိန်အထိ ဖန်ဆင်းရှင်ဟာ တကယ်ရှိမရှိဆိုတာရဲ့အစ အဲဒီ စမ်းချောင်းလေးကို လူတွေဟာ ခုထိလိုက်ရှာနေတုန်းတဲ့ ပန်းဥယျာဉ်
ဝေးလို့ တောအုပ်လေးကိုတောင်မမြင်ကြ ရသေးပါဘူးတဲ့ ကွယ်....။


ငြိမ်းဇေဦး

ဘေဘီလေး ဖတ်ဖို့  ရေးလိုက်ပါသည်။

နော်စထရာဒါးမတ်စ် မဟောခဲ့တဲ့ ငါ့အကြောင်း



နော်စထရာဒါးမတ်စ် မဟောခဲ့တဲ့ ငါ့အကြောင်း

ဒို့ နှစ်ယောက် တည်ဆောက်ခဲ့ကြတယ်...။
ဘ၀ကို လွန်သွားနဲ့ဖောက်
ကျောက်ဆူးချလို့ ချစ်ခဲ့ကြတာ...
ဘာကိုသက်သေပြဖို့လဲ..............။

လက်ပံပွင့်တွေကြွေပြီ
တံလျှပ်တွေ လှိုင်းထပြီ
နေရီရီညနေချမ်းဟာ အလွမ်းတွေဝေစည်
ချွေမည်မထင် ....
အဲသလိုလဲ ...
ကောက်ရိုးပုံဘေး နွားတကောင်လိုကွေးရင်း
အချိန်ကို စားမြုံ့ ပြန်
အသံတိတ် ဆူဆူညံညံလဲ
တမ်းတဖြစ်ရမယ် မထင်...။

ပုံမှန်မဟုတ်တဲ့ တိမ်တွေငွေ့ရည်ဖွဲ့ပြီ..။

နာရီသံချောင်းခေါက်သံတွေ လျော့လျော့သွားပြီ
ဟိုမှာဖက်ခြမ်းက အမှောင်ဆိုတဲ့စောင်ကြီးကို
ဒီဖက်ခြမ်းမိုးလင်းလု...
ခရမ်းနု နံနက်ခင်းဟာ
တခါမှ မငိုတတ်တော့တဲ့
နွေကောင်းကင်နဲ့ ငိုဟန်ဆောင်တော့မယ်
ဘာကိုမှတော့မငြိုငြင်ချင်တော့ဘူးလေ..
နွေ နံနက် တွေဟာ
ကီးမား ပလာတာတစ်ချပ်
ဗမာဆေးခပ်စပ်စပ် ကွမ်းတရာ
ရေနွေးတအိုးနဲ့
အနယ်ထိုင်ခဲ့တတ်ပြန်ပြီ။

ပရောဖက်တွေ ကြိုတွက်ရလောက်အောင်
မခမ်းနားတဲ့ နေထိုင်မှုတွေနဲ့
တကယ်တော့ ငါဟာ
စိန်တွေမင်းကိုစီပေးရဖို့
ငရဲပြည်ထိအောင် ထိုးဖောက်မယ့်
ကျောက်တူးသမားဖြစ်ချင်ခဲ့တာ...
ဒါတွေလဲ နော်စထရာဒါးမတ်စ် မသိခဲ့ဘူး...
မာယာ နတ်ဆရာတွေလဲမသိခဲ့ဘူး...
တို့ရပ်ကွက်ထဲက ...
လက်ကိုင်ရရင်ကိုအဆင်ပြေနေတဲ့
ဗေဒင်ဆရာလည်း မသိခဲ့ဘူး....။

ကဲ လေ...
လက်ပေါက်ညစ်ထေး
အချစ်ကြွေးတွေပဲပြောပြော
သောကတွေကို လှေကားလုပ်တက်ရင်း
မနက်ခင်းတစ်ခုမှာ
နင်မလာရင် ၀မ်းနည်းလို့
နင်လာရင် လမ်းခွဲမှာကြောက်တဲ့စိတ်တွေနဲ့
ကြိတ်ကြွေလိုက်ဦးမယ်....။



ငြိမ်းဇေဦး

Friday, January 25, 2008

ခုမှပဲ (ပြုံးစရာ)



ခုမှပဲ (ပြုံးစရာ-၂)


အဆိုတော်ဂျက်မြသောင်း၏ ဒါလေးများ …ဒါလေးများ .. ဟူသော အော်သံသည် ဆောင်းဘောက်စ်ကြီးနှစ်လုံး မှ ဟိန်း ညံထွက်နေသည်မှာ လမ်းမပေါ်ထိ။

လမ်းနှင့်အနီးဆုံးစားပွဲတွင် ခွေးခြေခုံပုလေးများဖြင့် ကျနော်တို့ ခြောက်ယောက် ထုံးစံအတိုင်း ကျပ်ကျပ် သပ်သပ်
ထိုင်နေကြ၏။
သီချင်းနားထောင်သည့်သူက ထောင် ၊ ညာဘက်လက်ဖျံ ကို ဂစ်တာလို ဘယ်လက်ဖြင့် ကိုင်ကာ
တကိုယ်လုံးယိမ်းထိုးလျှက် အံကြိတ်ကာ ဂစ်တာလက်ကွက် လိုက်ရွှေ့နေသောသူက မျက်စိစုံမှိတ်ရွှေ့…။

ဆေးပေါ့လိပ် ကိုက်ရင်း ကျနော်က ရေနွေးကြမ်းခွက်ကို ထပ်ဖြည့်နေ၏။
တယောက်ကတော့ စီးကရက်ဘူး ခွံ ခဲပတ်စက္ကူလေးပေါ်တွင် ဘောပင်လေးဖြင့် ကဗျာ ရေးနေရင်း
ရည်းစားစာရေးနေသော သူကို အကြံပေးနေ၏။


ထိုလက်ဖက်ရည်ဆိုင်လေးသည် တမြို့လုံးတွင် အစည်ကားဆုံးဖြစ်၏။
လက်ဖက်ရည်ဆိုင်လေးရှေ့တွင် ဗာဒံပင်တပင်ရှိ၏ ..။ ဘယ်ဘက်ခြမ်းတွင် ကွမ်းယာဆိုင်တစ်ဆိုင်ရှိ၏ ၊
ညာဖက်ခြမ်းတွင် ကောင်မလေးလှလှလေးတွေအမြဲလာ တတ်သော စက်ချုပ်ဆိုင်လေးတစ်ဆိုင်ရှိ၏။

အဘယ်အကြောင်းကြောင့်မသိ ..။ ထိုစက်ချုပ်ဆိုင်ကလေးကလဲ လူစည်သည်။
လာသမျှ မြို့ရဲ့ အချောအလှ အမိုက်စားလေးတွေ ချည်သက်သက်။
လာပြီးတော့လဲ သူတို့က စက်ချုပ်ဆိုင်တိုက်ခန်းလေးထဲက လက်ဖက်ရည်ဆိုင်ဖက် မျက်နှာမူထားသော တန်းလျားရှည်လေးတွင် ထိုင်တတ်ကြ၏ ။
လက်ဖက်ရည်ဆိုင် လူမပြတ်တတ်သလို ၊ စက်ချုပ်ဆိုင်လေးတွင်လဲ ကောင်မလေး လှလှများမပြတ်တတ်။

စနေနေ့ မနက်ဆိုတော့ လက်ဖက်ရည်ဆိုင်လေးကလူပိုစည်၏။
စက်ချုပ်ဆိုင်တွင်လဲ မြို့၏ အချမ်းသာဆုံး ဟု လူအများသတ်မှတ်ထားသော မိသားစုမှ ခပ်လှလှ မာနကြီးကြီး
ကောင်မလေးများ ထိုင်နေကြရင်း စက်ချုပ်ဆိုင် ပိုင်ရှင် အမကြီးနှင့် ထွေရာလေးပါးပြောနေသည်ဟုထင်ရ၏။

ဆောင်း နံနက်၏ လေအေးစီးကြောင်းသည် ကုက္ကိုပင်ကြီးများ ကို ဖြတ်သန်းတိုက်ခတ်နေသည်။
လူတွေက စက်ဘီးများဖြင့် ဈေးဖက်သို့သွားကြသည် ။ တချို့ကလမ်းလျှောက်သွားကြသည်။ တချို့က ဈေးဖက်မှပြန်လာကြသည်။ ကျနော်တို့ မျက်လုံးများကတော့ ပျားကလေးများလို အလုပ်ရှုပ်သူကရှုပ်နေ၏။
ဣထ္ထိယ ကသိုဏ်းဖြင့် သမာဓိရနေသော သူတွေကလဲ စက်ချုပ်ဆိုင်ထဲက ကောင်မလေးများဆီမှအကြည့်မခွာ။
လူအစည်ကားဆုံးသော အချိန် ၏ အစည်ကားဆုံးသောကာလလေး…..။

ဆူညံအော်ဟစ်ဆဲဆိုလာသော စိတ်မနှံ့ သည့်အမျိုးသမီးတစ်ဦး ဈေးဖက် မှ ပြေးလာနေသည်ကို ကျနော်တို့ မြင်လိုက်ကြရ၏။
လမ်းပေါ်က စက်ဘီးသမားတို့လမ်းဘေး သို့ ဆင်းနင်းကြသလို တချို့က စက်ဘီးကိုရပ်လိုက်ကြ၏။
လမ်းပေါ်ကလူများလဲ အရူးမ ပြေးလမ်းဘေး ရှောင်ပေးကြ၏။

နောက်ဆုံးအရူးမသည် လက်ဖက်ရည်ဆိုင်လေးရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကာ
တခြားစားပွဲမှ အသက်ခပ်လတ်လတ် လူတစ်ယောက်ကို မြင်တော့ ခါးထောက်ရပ်လျှက်
`အော်..ရှင် က ကလေးထိမ်းပါဆိုတာ ဒီမှာလာ အလေလိုက်နေတာကိုးဟင်´
အပြောခံရသောသူ၏ မျက်နှာသည် ဇီးရွက်လောက်သာရှိတော့၏ …။

စက်ချုပ်ဆိုင်ကလေးထဲမှ ကောင်မလေးများကလဲ စပ်စပ်စုစု လက်ဖက်ရည်ဆိုင်ရှေ့ကအဖြစ်ကို မတ်တပ်ထရပ်လိုက်ကြလျှက် ခေါင်းပြူ စပ်စုကြ၏။
`ရှင် ဟာ အချိုးက ညဆို တမျိုး နေ့ဆိုတမျိုး ကိုယ့်တာဝန်ကိုယ်မယူချင်တဲ့အဖေ´ ဟုပြောကာ
အော်နေသောအသံပိုမြှင့်လာပြီး ရုတ်တရက် ဒါလေးများ ဒါလေးများဆိုသောသီချင်းသံအဆုံးတွင်
သူမ၏ ညစ်ထေး အရောင်ပျောက်နေသော ထမိန်လေးကို ဆတ်ကနဲ ရင်ဘတ်ပေါ်အထိဆွဲလှန်ကာ
သူ့ ဟာသူ လက်နဲ့ တဖြန်းဖြန်းမြည်အောင်ပုတ်ပြရင်း` ရှင့်ကိုဟောဒါ ဘယ်တော့မှမပေးဘူး …
လာတောင်းရင် ဒါပဲရမယ်´ ဟုပြောကာ ကော့ကော့ပြနေတော့၏ ။

ထိုအချိန်တွင် ရည်းစားစာရေးနေသော ဆရာသည် အရာအားလုံး တိတ်ဆိတ်ငြိမ်သက် မှင်သက်မိနေသည့်
ကာလလေးတွင် အင်မတန်ကျယ်လောင်သော အာမေဋိတ်တခု သူ့ပါးစပ်မှထွက်သွားသည်ကို
သူရည်းစားစာပေးမည့် စက်ချုပ်ဆိုင်ထဲမှ ရပ်ကြည့်နေသော ကောင်မလေးကြားယုံမက ` ဟာ………ငါခုမှ ပဲ သေချာမြင်ဖူးတော့တယ်ဟေ့….´ဆိုသော သူ၏အသံအဆုံးတွင်တော့...အရူးမပင်
အဆဲရပ် အပြရပ်သွားရပါတော့သည်……။


ငြိမ်းဇေဦး…။


မနောကံ...



မနောကံ... (အတိုဆုံးဝတ္ထုတို)

ခပ်လှလှစုန်းမတစ်ယောက်နဲ့တွေ့တယ်..။ ကျနော်ကစုန်းမကို ပြုံးပြလိုက်တယ် ပြုစားခံချင်လွန်းလို့..။
စုန်းမက ဘီကီနီ နက်ပြာရောင်နဲ့ ၀ါဝင်းနေတဲ့ပေါင်သား လှလှတွေကို ဘောင်ခတ်ထားတာယ်..။
ကျနော် က နယ်ကျော်တဲ့ အတွေးတွေနဲ့ ရှေးဟောင်းသုတေသနပညာရှင်တဦး ကမ္ဘာဦးကျောက်ဂူတခုက အရိုးခေါင်းတလုံးတူးဖော်တွေ့ ရှိသလို ခပ်နုနု ယုယုယယလေး တူးဖော်ချင်တယ်… မမြင်ရမှုတခုကို။

စုန်းမဟာ သက်သက်သာသာ ပက်လက်ကုလားထိုင်ပေါ်မှာပေါ့..။
သူ့ ရင်သား နှစ်လုံးကြား .... လှလှလေးအဖွင့်ခံထားရတဲ့ အုန်းစိမ်းသီးထဲ ပလပ်စတစ် ပိုက်ကလေးထိုး
လှလှလေးစုပ်ရင်း နေကာ မျက်မှန်လေးကို ချွတ်လိုက်တယ်…၊
ကျနော်ချွတ်စေချင်တာကို ချွတ်တာတော့မဟုတ်သေးဘူး...။
စုန်းမက သူ့ဟာသူပြောတယ်... ကမ္ဘာလုံး ဆိုင်ရာ ပူနွေးမှုကြောင့်
ပြင်သစ်ကလာတဲ့ အသားအရေ နုပျိုလှပဆေးတွေဟာ ကိုယ်ဝန်တားဆေးတွေကို တချို့နေရာတွေမှာ သတိမေ့သွားစေတယ်လို့..။
စုန်းမဟာ သိပ်လှပလွန်းစွာနဲ့ ကမ်းခြေကို ခြေဖျားလေးထောက် လက်ဖျားလေးတွေကော့လို့ ကြော့ကြော့လေးပြေးတယ် ကျနော့်မျက်လုံးနှစ်လုံးဟာနိမ့်မြင့် ဟန်ချက်တွေနဲ့ မရပ်မနား ထပ်ကြပ်လိုက်သွားဖြစ်တယ်
ဆားငံရေလှိုင်းထဲ သူထိုင်ချလိုက်တဲ့အထိ ...၊တော်ပါသေးရဲ့.. အာရုံထဲဆားငံရေတွေ မစင်ခဲ့လို့..။
စိုရွှဲနေတဲ့ခန္ဓာနဲ့ စုန်းမဟာ တလှမ်းချင်းလှိုင်းကို ရုန်းလို့ ကမ်းပေါ်ကို ပြုံးတက်လာတယ်..။
ရေစိုနက်မှောင်နေတဲ့ ပိတုန်းရောင်ဆံပင်တွေဟာ ရေနစ်သေသွားတဲ့ လကွယ်ညလို...
ပင်လယ်လေတိုးလို့မှ ထမကနိုင်ပဲ
စုန်းမကြောပြင်မှာ ဇောက်ထိုး ထမ်းပိုးခံလာကြရတယ်..။
ကျနော်ဟာ စုန်းမရဲ့ ပြုစားမှုကို ငံ့လင့်နေရင်း..
စုန်းမကိုပြုစားဖို့ အသည်းအသန်ကြိုးစားနေတယ်..။
ကျနော့်သမာဓိဟာ ရေညှိမတက်တဲ့ ရင်သားနှစ်မြွာကြားမှာ စိစိညက်ညက်ကြေသွားတယ်..။
စုန်းမဟာ ပက်လက်ကုလားထိုင်ပေါ်ပြန်လာထိုင်တယ်၊
သူ့ရဲ့စိုရွှဲမှုတွေဟာ ယိုစီးမှုဖြစ်သွားတယ်။
ပြီးတော့…ကျနော့်ကို လိုလိုလားလား လက်လှမ်းလိုက်တယ်..
နောက်တော့ပေါင်ပေါ်မှာတင်လိုက်တယ် ကျနော်ကတော့အသာလေးငြိမ်လို့။
ခနနေတော့ စုန်းမက မတ်တပ်ထလိုက်တယ် ကျနော့်ကို သူ့ရင်သားကနေ တင်ပါးအထိ တင်းတင်းကြပ်ကြပ်ဖက်ထားစေတယ်။ ကျနော်တို့ တယ်လီပသီနဲ့ အဆုံးစွန်အထိ အရှိန်မြှင့်သွားကြတယ်..။
ကျနော်ဟာ သူ့ခန္ဓာလှလှကိုတင်းတင်းကျပ်ကျပ် ဖက်ရင်း သဲစပ်မြက်ခင်းတွေနောက်က ရေချိုးခန်းလှလှအထိ အတူသွားကြတယ် ။
ပြီးတော့ စုန်းမဟာ ကျနော့်ကို ခွာချလိုက်တယ် ...။
လှပတဲ့သူ့ခန္ဓာကိုယ်ဟာ မိနစ်ဝက်အတွင်း မိမွေးတိုင်း ဖမွေးတိုင်းဖြစ်သွားချိန်မှာ .....။

ကျနော်ဟာ နံရံကပ် တန်းလေးပေါ်မှာ ခွေပျော့စွာနဲ့.......................။

ငြိမ်းဇေဦး

Thursday, January 24, 2008

ပဋိစ္စသမုပ္ပတ် ဘီးပေါက်ခြင်း



ပဋိစ္စသမုပ္ပတ် ဘီးပေါက်ခြင်း

နှုတ်ဆက်တတ်ဖို့ ...လိုတယ်...။

အသံလှိုင်းတွေကို ပိတ်ပါးနဲ့စစ်
အနှေးစီးတဲ့မြစ်ရေလို
တောင်ညိုကမ်းမှာ မကြမ်းဖို့လိုတယ်...။

ဆူပူမာန်မဲမှုတွေကို
ညစာလိုတည်ခင်းပြီး
သက်ပြင်းတွေနဲ့မင်းကို
မညှင်းဆဲမိဖို့ လဲလိုတယ်..။

အားအငယ်ဆုံးလူကြမ်း
သိပ်လွမ်းတတ်တဲ့
နှုတ်ခမ်းတစ်စုံနဲ့
မင်းကို...မလွမ်းမိဖို့လဲလိုတယ်...။

ကိုယ်တိုင် မရှိခိုးဖြစ်တဲ့ဘုရားကို
ဘာလို့များ...မင်းကိုရှိခိုးခိုင်းမိတာလဲ
ကိုယ့်မသိစိတ်ကိုယ်
သိဖို့လဲလိုတယ်..။

နေညိုရင်
မြေပြိုမှာစိုးတဲ့စိတ်တွေနဲ့
ထူးတော့ပါဘူး...ဆိုပြီး
မပြိုခင်
မြွေတွင်းထဲ အရင်ဝင်တဲ့
မြွေပျင်းလို လဲ ဒူးမထောက်ဖို့လိုတယ်..။

ဘ၀ဟာ
အစကတည်းက
ခြစားနေတဲ့ ကိုယ်ရေးမှတ်တမ်း
ကိုယ့်ကမ်းပါးကိုယ်
ပြန်မြိုတဲ့ မြစ်ဆိုတာ
ကျကျနန သတိထားဖြစ်ဖို့ လဲလိုတယ်..။

အချစ်ဆိုတာ သံကွန်ခြာ ထပ်ထပ်ကာထားတဲ့
အဆိပ်ရေတခွက် ဖြစ်ချင်ဖြစ်မယ်....
သောက်သုံးခဲ့ပြီး
ပြန်ထွက်ချိန် တိမ်တိမ်လေးကျန်ချင်မှကျန်မယ်
တမင်ရွေးချယ် တ၀ဲလည် နှောင်ဖွဲ့ 
အဆိပ်တက်ခံတာလဲ ဖြစ်ချင်ဖြစ်မယ်
အဓိက က ဒါကို
ကော်ဖီတခွက်လို
သောက်တတ်ဖို့လဲလိုတယ်..။
တခါတခါလဲ
သားရဲ တိရစ္ဆာန် ဘေးအတွက်
မီးမွှေးထားတဲ့ စက်ဝိုင်းလေးထဲက
ညရဲ့အကျဉ်းသား ဖြစ်သွားတတ်တယ်ဆိုတာ
သိထားဖို့လဲ လိုတယ်..။

ကွဲတဲ့ အသည်းမှာ
သံပုရာရေညှစ်
ဆားလက်တသစ်ဖြူး
ခပ်မူးမူးနဲ့ မြည်းတတ်ဖို့ လဲလိုတယ်..။

ထောပနာပြုဖို့ ငြင်းဆန်တဲ့
နိဗ္ဗာန်ကို ဓါတ်မှန်ရိုက်
ဆေးစစ်.......
ထွေးထုတ်ပစ်တတ်ဖို့ လဲ လိုတယ်..။


ခမ်းနားတဲ့ညစာစားပွဲတွေက
သင်းမြမွှေးပျံ့တဲ့ ပုဇွန်ထုတ်ကြီးလို
ကနုတ်တွေနဲ့
တရုတ်ကြွေပန်းကန်ပြားကြီးပေါ်မှာ
ကိုယ့်ခန္ခာကိုယ်ဖုံးလို့ 
ပြုံးပြုံးကြီးသေတတ်ဖို့လဲိုတယ်
...........................
ကဲစားလိုက်ကြစမ်း.............။
ငြိမ်းဇေဦး































Wednesday, January 23, 2008

တဒင်္ဂ အိုးပုတ်လေးထဲက ဖြစ်စဉ်တခုရဲ့ ဈာပန


တဒင်္ဂ အိုးပုတ်လေးထဲက ဖြစ်စဉ်တခုရဲ့ ဈာပန

သစ်ရွက်ကလေး ကြွေသွားတော့သည်...
ဇင်ယြော်ဖူတအုပ် ထပျံသွားတော့သည်...။

အင်းရေပြင်လှိုင်းပုတ်သွားတော့သည်....
သစ်ရွက်ကလေး ကမ္ဘာ့ဆွဲအားကို
ရုန်းရင်းကန်ရင်း လေပြေတွန်းထိုးမှုနဲ့
အင်းရေပြင်ပေါ် ကျသွားခဲ့သည်....။

ရေလှိုင်းတို့ဗြောင်းဆန်ဝေ့၀ဲ သယ်ဆောင်ရာ
ပါသွားတော့သည်....။

ရုတ်တရက်...
ဇင်ယော်တကောင်ကိုက်ချီသုတ်သွားတော့သည်..။

ပိုမိုမြင့်မားသော အမြင့်သို့
သစ်ရွက်ကလေးပါသွားတော့သည်...။

သို့သော်....
မိခင်သစ်ပင်မြင့်တော့ မဟုတ်တော့....။

ငြိမ်းဇေဦး

Saturday, January 19, 2008

ဆယ့်ကိုးနှစ် ……. ငယ် ……………




ဆယ့်ကိုးနှစ် ……. ငယ် ……………

ငါ လွမ်းတယ်သိလား
နင့်ပါးပြင်က ရှင်မတောင်သနပ်ခါးနံ့လေးကို….။

မရေရာပါဘူးဟာ..
ဘ၀ကိုတောင်ကျရေတွေနဲ့
ခရီးထွက်ခဲ့ချင်ရင်
အမြဲတန်း နိမ့်ရာမှာ
ဖြစ်တည်ရမယ့် ကိစ္စတွေမို့
ငါ့မြို့လေးက ငါဆန်တက်ခဲ့ ရတာပေါ့။

တိုက်ခေါင်မိုးပေါ်က
ငှက်တကောင်ဟာ
ခဏ နားခိုသူပါ
တိုက်ပိုင်ရှင်ဖြစ်ခွင့်ထက်
အသိုက်ပိုင်ရှင် ဖြစ်သင့်တဲ့
အသိ လေး တစ နဲ့
တောင်ပံတွေ ဒရွတ်ဆွဲရာ
ပျံခဲ့ရ… ဆန်ခဲ့ရ…
ဈာန် နဲ့ကြွ တာ တော့မဟုတ်ခဲ့ဘူးပေါ့….။

အဖေ က ပြောတယ်ဟာ
သား…နွေဆိုတာ ပူရမယ်
ဆောင်းဆိုတာ အေးရမယ်
မိုးဆိုတာ စွတ်စိုရမယ်
ဒါသဘာဝတဲ့….
ငါတော့… နွေ ပေါင်းများစွာ
ဖြတ်သန်း ဆောင်းပေါင်းများစွာ
ထုတ်ပိုး …
မိုးပေါင်းများစွာ စွတ်စိုလို့
လွှတ် ငိုချင်စိတ်တွေနဲ့
တိတ်တိတ်လေး အားတင်း
မှားရင်းပြင်ရင်းနဲ့ ဘ၀ဟာ
ခတ္တာတွေ ခိုးပွင့်တဲ့ဆောင်း
စပါယ်တွေ ဝေတဲ့ နွေည
သရက်ပွင့်တွေ ကြွေတဲ့မိုးဦးညတွေနဲ့
အိပ်မက်ပေါင်း အထောင်အသောင်းကို
အဟောင်းထည်လိုဝတ်
ဇွတ်ပဲ …မလွှတ်ရဲ တဲ့အစွဲတွေနဲ့
ဒူးတွေလဲ ညွတ်ဆဲ…
ရဲရဲပဲ တင်းမတ်ရင်း
ညခင်းတွေမှာ
နင့်ပါးပြင် ရှင်မတောင်နံ့ သာ ကို လွမ်းတယ်ဟယ်…။
ငါ ထွေထွေထူးထူးတွေ
မပြောလိုပါဘူး
ငါ့ညတွေ ငါ့မနက်တွေ
ငါ့အသက်ရှည်သမျှ
ဘ၀ကပေးတဲ့ကြိုးတွေ
အဲဒီသံယောဇဉ်ဆိုတဲ့ကြိုးတွေ
သိပ်မများတဲ့ငါ့ဘ၀မှာ
နင်ဟာအခိုင်မာဆုံးကြိုး
အရိုးသားဆုံး တွယ်တာမှု
အနုအလှတွေ သမုဒယဝေ
ယုယခြွေ တိုးလျှအသံနဲ့
ငါ့နံရံတွေကို ပဲ့တင်ထပ်နေဆဲ
ဟိုးတုန်းကလိုပါပဲဟာ….။

အဲဒီသတိရမှုတွေကို
ငါ သေချာထုတ်ပိုးလို့
ငါ့မြို့လေး ဆွေးမြေ့ မသွားခင်
နင့်အလှတွေ အရင်အတိုင်းမပြယ်ခင်
ပြယ်ချင်လဲပြယ်မပေါ့ဟာ
ဒါသင်္ခါရ ကြင်နာသမျှ အနိစ္စမဖြစ်တဲ့
အချစ်တွေနဲ့ ငါကတော့
ဖြစ်မယ်ဆိုရင်ဟာ
အရင် တခါလို
မိုးတွေညိုတုန်း ……………..

…………………………….
……………………………..
အော် …. ကောင်းကင်ကြီးတောင် ပြုံးလို့ 
ပြီးတော့ တခြုန်းခြုန်းငို ………..။







ငြိမ်းဇေဦး




Sunday, January 13, 2008

ပေါက်လွှတ်ပဲစား လွမ်းမိတဲ့ ကာလများ


ပေါက်လွှတ်ပဲစား လွမ်းမိတဲ့ ကာလများ

တခါသုံး အပြုံးတွေနဲ့
ကိုယ်ခံအားကျခဲ့ရတာပေါ့…။

ဖန်လုံအိမ်သဘာဝတွေက
မုဆိုးမရင်ငွေ့ လှုံ
အိုဇုံးလွှာအစုတ်ကြီးခြုံလို့…။

မီးရှုးမီးပန်းတွေဟာ
ဒုံးပျံတွေကိုမွေးဖွားခဲ့
ပင်လယ်တွေကမိုးရေတွေကိုမွေးဖွားခဲ့
ပြီးတော့ပြန်သောက် အငံကြောက်သတဲ့..။

အရက်တစည်ကို
မျက်ရည်ကုန်လိုကုန်ငြား
ငါ့နှလုံးသား ငါမြည်းလို့သောက်ခဲ့ရ
အဆင်သင့်ပဲ သူခွဲခဲ့သမျှ
ဝါးရလွယ်တဲ့ အပိုင်းအစတွေ
ပလုတ်ပလောင်း….
သီချင်းဟောင်းတွေတောင်တိတ်ဆိတ်…။

`ကောင်မရယ်´
`ငါ့ကိုလောင်ကျွမ်းတဲ့ ဖန်မီးအိမ်လေးရယ်´
`ခွေးစုတ်မလေးရယ်´
`အတွေးရှုပ် ညရေးမလွယ် အသည်းလေးရယ်´
`ပူတူးတူးလေးရယ်´
`ငါ့အိပ်မက်တွေကို အိပ်မက်ထဲမှာပဲထားခဲ့သူလေးရယ်´လို့
နောက်ပိုင်းမင်းသားကြီး ညကြေးဖြတ်ခံရသလိုလဲ
ငါ့ရင်ငါခွဲ တဲတလုံးဆောက်လို့
ခွန်းထောက်တွေ ငိုခြင်းတွေနဲ့
နင့်ကိုလဲ မကျိန်ဆဲရက်
ခက်တယ်ကွာ ဆိုရင်း
မနက်လင်းတိုင်းငိုချင်…။

လိင်မှုဗေဒတွေနဲ့
ညပျစ်ပျစ်ကြီး ပျားရည်လိုလျှက်
ပဉ္စလက် အတတ်တွေနဲ့
သန္ဓေသားတွေရဲ့ သင်္ချိုင်းဟာ
ချစ်သူတွေဖြစ်သတဲ့….။
မချစ်သော်လဲအောင့်ကာနမ်းရင်း
သက်ပြင်းတွေနဲ့ ချစ်သူကိုတမ်းတသတဲ့
အပြစ်ဖြစ်သတဲ့..။
ငါကတော့ငယ်မွေးခြံပေါက် သောကတွေနဲ့
နင့်ကိုလွမ်းတယ်ဟဲ့…။

အချစ်…
စစ်…
ကမ္ဘာကြီးရဲ့ကျမ်းမာရေး
ဝိပသနာနဲ့ချမ်းသာရေး
မတွေးချင်တော့ဘူး
အရူးတယောက် ဦးနှောက်ခြောက်သလို
ဆေးလိပ်တတိုနဲ့ ငါ့ကိုယ်ငါပဲရှိုက်ဖွာနေရဲ့
ဒီလိုနဲ့ အာရုံကျင်းခဲ့ပေါ့…။



ငြိမ်းဇေဦး

အတ္တ ဖာထေးမှု နဲ့ ပေါက်ပြဲခြင်းများ…..






အတ္တ ဖာထေးမှု နဲ့ ပေါက်ပြဲခြင်းများ…..



စိတ်နာတယ်…။ ဖာသည်မတစ်ယောက်ရဲ့ အချစ်ဆိုတာဘာလဲ.....၊
ကျနော်သိချင်လာတယ်….၀မ်းလဲနည်းနေတယ်…၊ ဒီတော့…. ဖာသည်မတစ်ယောက်ကို မင်းလောင်းရှာတဲ့ဖုတ်သွင်းရထားလိုကျနော်ဟာရှာခဲ့တယ်…..။



ဖာသည်မကပြောတယ်ဆာတယ်တဲ့…ကျနော်က ဖာသည်မကို ကြည့်လိုက်တယ် စင်္ကြာဝဠာကြီးကိုတောင်မျိုချမယ့်မျက်နှာမျိုး နဲ့ ပြန်ကြည့်တယ်..ကျနော်က ဒါဆို ကျွေးမှာပေါ့လို့ပြောပြီး … ရင်သားကြီးကြီး ခပ်လှလှမိန်းမတွေ စားပွဲထိုးတဲ့ မီးရောင်မှိန်မှိန် ညကလပ်တစ်ခုကိုခေါ်သွားတယ်…။ သူ့အတွက်ကျောက်ပုဇွန်ထုတ်ကြီးတွေမှာလိုက်တယ်..။ ကျနော့်အတွက် ဆူနားမိထက်ပြင်းတဲ့အရက်..မှာလိုက်တယ်…။ သူစားတယ် ..ကျနော်သောက်တယ်.. စားပွဲထိုးမရဲ့ရင်သားတွေကြားကို ကျနော်ကြောင်တကောင်လိုခုန်ဝင်လိုက်တယ်…ဖာသည်မ ကတော့ ဖာသည်မ ဘ၀ကိုမေ့သွားတဲ့ အာရုံတွေ နဲ့ ကျက်သရေရှိရှိ စားနေရဲ့…။


စားပွဲထိုးမထွက်သွားတဲ့အခါ ကျနော်ဟာ စင်ပေါ်မှာ တကိုယ်လုံးချွတ်ကနေတဲ့ မိန်းမကိုငေးကြည့်နေတယ် ပြီးတော့ ကျနော့်ဘေးက ဒီည အတွက် ကျနော်ပိုင်တဲ့ ဖာသည်မ ရဲ့ပေါင်သာျးွှေကို လက်နဲ့ပွတ်သပ်နေမိတယ်..ဖာသည်မ ဟာ ကျနော့် ရင်ခွင်ထဲ ယိုင်ကျလာတယ်..ကျနော်ဟာသူ့ ရင်သားအိအိတွေကို မထိတထိကိုင်ချင်နေရဲ့…။


သူစားသောက်ပြီးတဲ့အခါ ကျနော်ဟာ နောက်ထပ် အရက်တစ်ခွက်မှာရင်း သောက်နေတယ်…။ သူက သိပ်မူးသွားမယ်နော်လို့ သတိပေးတယ်..အမှန်တော့ ကျနော်ကိုယ်တိုင်သာ ကမ္ဘာကြီးဆိုရင် နေမင်းကို သုံးရာခြောက်ဆယ့်ငါးရက် မှာတပတ်မပတ်ပဲ ငါးမိနစ်အတွင်း တပတ်ချင်းပတ်ဖြစ်အောင်ကို ချာချာလည်နေပြီ…။


ဖာသည်မဟာ အခုအခါ ဖာသည်မ မဟုတ်တော့ဘူး….။ ပိုက်ဆံရှင်းပေးလိုက်တယ် စားသောက်သမျှ…. ကားရပ်ထားရာကွက်လပ်ကိုရောက်တော့ ကျနော်ဟာ ဖာသည်မကို ကားသော့ ပေးလိုက်တယ် ဖာသည်မဟာကျနော့်ကို တွဲပြီး ကားထဲမှာ ထိုင်နိုင်အောင် ကားတံခါးဖွင့်ထည့်ပေးလိုက်တယ်.. ပြီးတော့ ထိုင်ခုံကိုသူ နဲ့ အနေတော်ဖြစ်အောင်ပြင်ပြီး သူမောင်းတယ်…. သူမဟာကားကို ယောက်ျားတစ်ယောက်ရဲ့ တန်ဆာကို ကွန်ဒုံစွပ်သလိုမောင်းခဲ့တယ်…။


ကျနော်ဟာ ကုတင်ပေါ်မှာပက်လက်..မဆီမဆိုင်ဖာသည်မက ကျနော့်ကိုမေးတယ် အချစ်ဦးကိုလူတွေ တကယ်လွမ်းကြသလားတဲ့ ….သိပ်ချစ်တဲ့သူကို တကယ်လွမ်းမိကြသလားတဲ့…။


ကျနော်က ရယ်လိုက်တယ်… ပြီးတော့ဖြေ လိုက်တယ်..ငါ့အချစ်ဦးကတော့ အင်မတန်စွမ်းအားကြီးတဲ့ ဆေးခြောက်ပဲလို့…သူမက မသက်မသာရယ်လိုက်တယ်…။ ကျနော် သူမ ကိုမေးလိုက်တယ်…ဆေးခြောက်ဝယ်လို့ရသလားလို့…ဖာသည်မက … ရတာပေါ့တဲ့…. ဒါနဲ့ကျနော်က ခုသွားဝယ်လို့ပြောလိုက်တယ်… သူမက တကယ်လားတဲ့…ကျနော်က ခပ်ဆတ်ဆတ်ဟောက်လိုက်တယ်..နင်လူစကား နား မလည်ဘူးလားလို့…. သူမဟာ မင်္ဂလာဦး ညကို တပါတ် လွန်မြောက်လာခဲ့ရတဲ့ ဟိန္ဒူ မယားတစ်ယောက်လို ညှိုးငယ်မှုတွေနဲ့ အင်းပါ ..

ဒါဆို သွားဝယ်လိုက်ပါ့မယ် ဆိုပြီး ထွက်သွားတယ်….။



တအောင့်ကြာတော့ သူမဟာ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ဆေးခြောက်ထုတ်နဲ့ပြန်လာတယ်.. ကျနော်က ဟိုတယ် ရေခဲသေတ္တာထဲမှာအဆင်သင့် ထည့်ပေးထားတဲ့ ပန်းသီး တစ်လုံးကို ကျနော့် သော့တွဲက မောင်းချဓါးနဲ့ ဖောက်ယူခြစ်ထုတ် လိုက်တယ်.. ပြီးတော့ ကျနော့်ရဲ့ ရွှေ အစစ်နဲ့ လုပ်ထားတဲ့ ဘောပင်ကို တပိုင်းစီဖြုတ်လိုက်တယ်… ပြီးတော့ ပန်းသီးရဲ့ နံရံ က ထိုးဖောက်ပစ်ပြီး ဆေးတံလိုလုပ်လိုက်တယ်…။


နောက်တော့ ..ဖာသည်မ တလှည့် ကျနော်တလှည့် ဆေးခြောက်တွေ ရှူကြတယ်… ပြီးတော့ ဖာသည်မက ကျနော့်ကို တာဝန်အရ ဆိုတဲ့ပုံစံနဲ့ မေးလိုက်တယ်… ချစ်ချင်ပြီလားတဲ့…..။


ကျနော်ဟာ သူ့ မျက်နှာကိုစေ့စေ့ကြည့်ရင်း… ပြုံးပြမိတယ်.. သူက ခပ်လေးလေးနဲ့ သူ့ အ၀တ် တွေကို ချွတ်ချခဲ့တယ်..။ ကျနော်ဟာ သူ့ရင်သားတွေကို သုံ့ပန်းတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ ကြည့်မိတယ်…။



ပြီးတော့ကျနော်ဟာ လျှပ်စစ် ကုလားထိုင် မှာ သေဒဏ်ပေးခံရမှုကို မလွှဲမရှောင် သာပေမယ့် အားလုံးကိုမုန်းတီး နာကျည်းတဲ့ အကျဉ်းသား တစ်ယောက်ရဲ့ ခံစားမှုမျိုးနဲ့ နှုတ်ဆိတ်နေခဲ့ရင်း… ရုတ်တရက်..သူ့ ကိုပြောလိုက်တယ်… ကျနော့် မိခင်ဘာသာစကားနဲ့…“ချစ်လေးကွာ..ကိုကို့ကို စိတ်နာအောင် သိပ်လုပ်တယ်..” ပြီးတော့ ကျနော်ဟာ မျက်ရည်တွေနဲ့ အမြင့်ဆုံး အဆောက်အဦ တစ်ခုပေါ်မှာ ရွက်လွှင့်ခဲ့မိတယ်…။ ဖာသည်မဟာ ကျနော်နဲ့အတူစောင်ထဲမှာ… သူ့ကို ကျနော်ကဖက်လို့…လိင်မှုကိစ္စတွေဘာမှ မဖြစ်မြောက်ပဲ အိပ်ပျော်ဖြစ်ခဲ့တယ်..။



ကျနော့် မူးယစ်အသိမဲ့ အိပ်မက်ထဲမှာ ကျနော့်ချစ်သူကိုမြင်လာတယ် … ကျနော်က ကျနော့်ချစ်သူကို ဖာသည်မနဲ့ ကျနော် အိပ်စက်နေတာကို ခန်းဆီး လှစ်ပြခဲ့တယ်.. ပြီးတော့ ကျနော်ဟာ ကျနော့်ချစ်သူကို ပြုံးပြပြီး.. အခန်းတံခါးဖွင့်လို့ ၀ရန်တာဆီထွက်လာခဲ့တယ်…၀ရန်တာ လက်ရမ်းပေါ်တက်လမ်းလျှောက်လို့ ကားတစီးစ နှစ်စီးစ သွားနေကြသေးတဲ့ မြေပြင်လမ်းမကြီးနဲ့ ဟိုးခပ်ဝေးဝေးက မြစ်ပြင်ကိုကြည့်ရင်း….။


တစုံတယောက်ဟာ ကျနော့်ကို နောက်ကျောက တင်းတင်းကျပ်ကျပ်လှမ်းဖက်လိုက်တယ်….ကျနော် ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို လွန်ဆန်လိုက်နိုင်ခဲ့တယ်…။ ကျနော်လန့် နိုးလာတယ်…ကျနော့်ကျောကုန်းမှာ..ရင်သားအိအိရဲ့အတွေ့အထိနဲ့ပေါ့….။



ငိမ်းဇေဦး

Thursday, January 10, 2008

သူတို့လဲ ရွာကပဲကိုး....။






ပြုံးစရာ (၁)

သူတို့လဲ ရွာကပဲကိုး....။

တနေ့သား... ကျနော်ဟာ ခရီးထွက်ဖို့ ၀ယ်စရာလေးတချို့ရှိလို့
ကုန်တိုက်ကြီးတစ်ခုကိုခနသွားခဲ့တယ်။
ကုန်တိုက်တွေဆိုတာ ကျနော်သွားခဲတဲ့နေရာတွေပါ။ ကျနော်ဟာ ကုန်တိုက်ထဲမှာ လှည့်ပတ်ကြည့်နေမိရင်း
နည်းနည်းဆာလာတယ်... ဆာလာတော့ ကုန်တိုက်ထဲက စားသောက်တန်းမှာရောင်းတဲ့ တရုတ်ဆိုင်လေးမှာ
ကိုကာကိုလာလေးတစ်ခွက်ဘေးချလို့ ထမင်းကြော်နဲ့ကြက်သားကုန်းဘောင်ကြီးကြော်ဟင်းကို အေးအေးဆေးဆေးစားရင်း
ဝတ်ကောင်းစားလှတွေနဲ့ လမ်းသလားနေကြတဲ့ ဖြူဖြူမဲမဲဝါ၀ါ သတ္တ၀ါတွေကို မကြည့်ပဲငေးရင်း ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။

ကျနော်နာရီဆိုင်လေးကိုရောက်တယ် နာရီလှလှလေးတွေကိုလိုက်ကြည့်ရင်း ကျနော် နာရီလေးတစ်လုံးဝယ်လိုက်တယ်။
ဘောပင်တွေဖောင်တိန်တွေရောင်းတဲ့ဆိုင်လေးရောက်တော့လဲ ကျနော် ဖောင်တိန်လေးတစ်ချောင်းဝယ်လိုက်တယ်။
တက်ကနိုတီးလုံးတွေဆူညံနေတဲ့ဆိုင်လေး တစ်ဆိုင်အထဲကအပြင်အဆင်ကတော့မှောင်လို့ သားရေအင်္ကျီတွေဝတ်ကြတဲ့
အတွဲတွေတော်တော်များများလက်ချင်းချိတ်လို့ရယ်ပြီးဝင်သွားကြလိုက်ထွက်လာကြလိုက်နဲ့ အထဲမှာ ဘာတွေဆိုတာ သေချာတော့
သိပ်မမြင်ရဘူး ထူးခြားတာက ကလေးတွေနဲ့ မိသားစုတွေ ခပ်ငယ်ငယ် ဆယ်ကျော်သက်တွေ ဆိုင်ထဲမှာမတွေ့ရဘူး
ဒါနဲ့ ကျနော်ကလဲ စပ်စပ်စုစု... ငေးရင်း နဲ့ ငါလဲဝင်ကြည့်ဦးမယ်ဆို ၀င်ကြည့်လိုက်တော့......။

ဆိုင်ထဲမှာ ကြာပွတ်တွေရော လက်ထိပ်တွေရော တော်တော်များများ ထူးထူးဆန်းဆန်းတွေ တွေ့ရတယ် ၊ ဖယောင်းတိုင် အရှည်တွေရောပေါ့...
ဒါနဲ့ ကျနော်လဲ တိုးရင်းတိုးရင်းနဲ့ အလှပြမှန်ဘီရိုလေးတွေနား ရောက်သွားတော့ အာရှသူလေးနှစ်ယောက် ကလဲ အဲဒီအလှပြမှန်ဘီရိုကို
ကြည့်ရင်း ပြုံးစိစိနဲ့ ....တဖက် နံရံပေါ်မှာချိတ်ထားတဲ့ ၀တ်စုံတွေကို မော့ငေးနေတဲ့ သူတို့ သူငယ်ချင်းမရဲ့ လက်မောင်းကို လှမ်းဆွဲရင်း ..
ဟိုမိန်းကလေး လှည့်လာတော့ မျက်စပစ်ပြလိုက်တယ် ...ကျနော်ကတော့ အာရှသူလေးတွေဆိုတော့ ငေးမိတာပါ... အဲဒီမှာ တင်
ရုတ်တရက် မျက်စပစ်ပြတာကို ကြည့်လိုက်တဲ့ မိန်းကလေးဟာ မျက်လုံးလေးဝိုင်းသွားပြီး သူမရဲ့လှပနုထွေးတဲ့ နှင်းဆီဖူးနှုတ်ခမ်းလေးတွေဟ လို့
အာမေဋိတ်လေးတခု ကျနော့်နားက ကြားလိုက်တဲ့အထိ ထွက်သွားတယ်.....

ဟယ်တလုံးတခဲကြီးတော့ အားရှိစရာကြီး.....။

ငြိမ်းဇေဦး



Wednesday, January 9, 2008

အပြစ်တို့၏ အရိပ်





အပြစ်တို့၏ အရိပ်

ကပိုကရို အမှန်တရားက
နုထွားကြီးပ …။

ဖြစ်ချေတော့ ဘူး…
ဘုရားဟာ
သူ့ ဟာသူပြန်ဖန်ဆင်းဖို့
အချိန်တောင်တော်တော်ကျော်နေခဲ့ပြီ
စိတ်တွေဆိုးပြီးအပြစ်တွေပေးနေရတာနဲ့ပဲ…။

လိင်အင်္ဂါ ရှိစရာမလိုဘူး
သန္ဓေဆောင်ဖို့ မလိုဘူး
ဘုစုခရုအားလုံးကို
ပြုံးပြုံးကြီးဖန်ဆင်း
သီချင်းတွေဆိုခိုင်း
မိန့် မိန့် ကြီးချီးကြူးခံနေလိုက်ပုံများ…
အက်ဒီဆင်ရဲ့ဖန်သား နီယွန်ချောင်းတွေ
ထောင်ထောင်မောင်းမောင်း
အတ္တတွေလည်ဇလုပ်ထိပြည့်နေတဲ့
လူသတ္တ၀ါတွေ တွားသွားသွားတဲ့အညစ်ပုံကြီးပေါ်
အရိပ်ကြီးထိုးလို့ ..ရောင်စုံအလင်းရိပ်ကြီးဖြစ်ရင်းနဲ့လေ…။

အပြစ်သားတွေအတွက် ယေရှုဟာ
ရင်သားအိအိတွေကြားမှာ
ခုထိကားစင်တင်ခံခဲ့ရ
ကျေကျေနပ်နပ်ကိုပေးဆပ်နေ ရဲ့
အဲဒီရွှေဆွဲကြိုးကြီးနဲ့တွဲလွဲပေါ့…..။

တကယ်တော့အမှန်တရားဟာ
နုထွားကြီးပ
ညနေရင်လျားနဲ့ တင်သားတွေတင်းလို့ 
သူ့ ခမျာ ခဏခဏ
သားမယား ပြုခံရ..။

ကျနော်ကတော့
မော့ငေးလေးပင်
တိမ်သားကောင်းကင်ရိပ်
စိတ်ကူးယဉ်ပုံဖော်ရင်း
သီချင်းတပုဒ်နဲ့ကျေးဇူးတင်လိုက်တယ်
တကယ်တော့ ချစ်တယ်ဆိုတာရဲ့အနက်ကို
အသက်နဲ့ကိုယ်မြဲရင်းသိခဲ့ရလို့ …
မိုးညို့ တဲ့ဆောင်း ညနေမှာ...။


ငြိမ်းဇေဦး
















Once there...




Once there…

I know
I must let you go…

I know
I have to be forgotten
as a sand castle
once you crafted on the shore
and now you left me so...

I know
it must be my fate and goal
that you let me explore
to face the tidy waves' strongest throws

I know
It will erase me
as the way you erased me from your memory
although it was not a story...
Nyein Zay Oo

Saturday, January 5, 2008

ကြယ်ကြွေည.............





ကြယ်ကြွေည.............


အေးစက်လှချည်ရဲ့
နေ့ လည်ခင်းကြီးကိုယ်တိုင်က
နမိုးနီးယားဖြစ်လို့...။

ထင်းရူးနံ့ တွေ
အ၀တ်မပါတဲ့ မေပယ်ရိုးတံတွေ
လမ်းကွေ့ တောင်ကမ်းပါးယံတွေ
လမ်းနဲ့အတူပြေးနေတဲ့ချောင်းငယ်တွေ
တရိပ်ရိပ်နဲ့ဖြတ်သန်းဝေးရစ်
ကျေးလက်သီချင်းတွေဖြစ်လိုက်
ဂျပ်ဇ်ဂီတတွေဖြစ်လိုက် ဘလူးစ်တွေဖြစ်လိုက်နဲ့
ငါ့ ရေဒီယိုက ခနခန သံစဉ်တွေပြောင်း ခဲ့...
ငါကလဲခနခနအမြန်နှုန်းတွေပြောင်းခဲ့ရ..
တကယ်တော့ငါမပြောင်းနိုင်တာကတော့
ငါ့ရင်ခုနှ်နှုန်းတွေပေါ့ ...။

ငါဟာ လမင်းကြီးကို မထုဆစ်ခဲ့ဘူး
မထွန်းညှိခဲ့ဘူး
ကြယ်တာရာတွေကို အပင်းမသွင်းခဲ့ဘူး
နေမင်းပေါ်က လေပြင်းတွေကိုယပ်မခတ်ခဲ့ဘူး...
ဒါပေမယ့်ငါ့ရင်ထဲမှာစင်္ကြ၀ဠာရှိတယ်
ဖန်ဆင်းရှင်ဟာမင်းဖြစ်တယ်....
ငါဟာ မင်းကို ကဗျာရှည်တပုဒ်လိုပဲ
ဖတ်ခဲ့တာပါ လွမ်းစရာတွေကိုလဲနှုတ်တိုက်ရွတ်ခဲ့ဖူး....။

ဖျားနာနေတဲ့နေ့ ခင်းကြီးဟာ
မထူးတော့ပါဘူးဆိုတဲ့ အလျော့ပေးမှုနဲ့
သူ့ ကိုယ်သူ ညရေခဲတိုက်ထဲ လှဲချလိုက်ချိန်မှာ
ငါ့မြို့ လေးကိုငါဝင်လာခဲ့တယ်
ငါ့အိမ်ကိုငါမပြန်ချင်ဘူး
ဒါပေမယ့်ငါ့အိမ်ကိုငါပြန်ရမယ်
ငါ့အိမ်ကိုငါပြန်ရင် နံရံက ပြုံးပြနေတဲ့
ပိုစတာတစ်ချပ်ဟာ ငါ့အိပ်ယာကိုခြောက်ခြားစေတယ်
ငါ့စားပွဲလေးပေါ်က ကိုကိုနဲ့တူတူ
ကိုကို့ မွေးနေ့ တိုင်းမှာတူတူရှိနေချင်တယ်
သိပ်ချစ်တယ်ကိုကိုရယ်ဆိုတဲ့ ပို့ စကတ်လေးက
ငါ့ကို အလဲထိုးနေတယ်...
ငါအိမ်မပြန်ချင်ဘူး...
ဒါနဲ့ငါ့ကိုယ်ငါ ငါ့အိတ်ကတ်ထဲ ငါပြန်ထည့်ရင်း
သီချင်းတွေနဲ့ သစ်ရွက်လိုကြွေသွားခဲ့တယ်...
ကြယ်ကြွေညတိုင်းဆုတောင်းမပြည့်ဘူး ကလေး...................။

ငြိမ်းဇေဦး

Wednesday, January 2, 2008

စိတ်ကောက်ပြိုင်ပွဲ





စိတ်ကောက်ပြိုင်ပွဲ

တယောက်ထဲ
တယောတလက်ဖြစ်ဖြစ်သွားတဲ့ညတွေ
တယောက်ထဲပဲပရိသတ်လေ ....
ငါ့ခေါင်းထဲကရထားတစ်စင်းပေါ်က
မိုင်နှုန်းပြင်းလေကြမ်းတွေနဲ့...။

ငါဟာအမှိုက်တစ
ငါဟာရှန်ပိန်တခွက်
ငါဟာ ညပြာပြာထဲကတိမ်မဲတအုပ်
ရုတ်တရက်ငိုငိုချ
ငါ့ဟာငါရှင်းလင်း
ငါ့ဟာငါသောက်သုံး...
လမင်းကြီးကတော့ ပြုံးချင်မှပြုံးနေပေါ့...။

ငါ့ချစ်သူလေးရယ်
ငါရယ်...
သူ့ဝက်ဝံရုပ်လေးရယ်
ငါတို့နှစ်ယောက်ကိုခွေလိပ်ထည့်ထားတဲ့
ကင်မရာတစ်လုံးရယ်
အားလုံးကို ငါဟာကုန်းပိုးလို့
သူ့ခြေထောက်လေးတွေနာတဲ့ညနေမှာ
နယူးယောက်လေပြေကို
ကမ်းခြေက ခိုးခဲ့တယ်...။

တနေလုံး ပျံချင်လျှက်
တောင်ပံမဲ့ရှာတဲ့နှင်းတွေ
ဝေ့၀ဲပြုတ်ကျလာတဲ့ညနေကြီးထဲ
ငါ လက်ပစ်ကူးလို့
မြို့အ၀င်ကို ငြိုငြင်မှုတွေနဲ့
ရှူရှိုက်ခဲ့တယ်
မြို့ကြီးကတော့ နေချင်ယောင်ဆောင်လို့
အလစ်အငိုက်ထထပြေးလေရဲ့
ကမ္ဘာပတ်လမ်းကြောင်းပေါ်ဒရွတ်ဆွဲလို့..။

ငါ့ဂစ်တာလေးညညတုန်ခါတယ်
အလွမ်းတွေနဲ့ ...
ငါ့ အိပ်ယာလေး ညည အေးစက်တယ်
ဝေးထွက်မှုတွေနဲ့...
ငါ့အိမ်ကလေး ညည အဖျားတက်တယ်
ခါးသက်မှုတွေနဲ့...
မနက်ဆိုလဲ အာရုံမှာ သကြားမပါတဲ့
ကိုလံဘီယာ ကာဖီကြမ်းတွေသောက်
ငါတယောက်ထဲနိုးထတတ်ခဲ့ရတယ်...။


ဘိုင်စကုတ်မကြည့်ဖြစ်တဲ့နှစ်တွေ
ရိုမန်တစ်ဆန်တဲ့ညစာတွေ
ရင်ဖိုကြည်နူးမှုတွေ သက်တန်းကုန်သွားတဲ့
လက်မှတ်တစ်စောင်နဲ့
သန်းခေါင်တွေလဲ ထထနိုးဖြစ်တယ်...။

ငါဟာရိုကျိုးတတ်တဲ့အရိုင်းအစိုင်း
ငါဟာဒေါသတွေအပိုင်းပိုင်းကျိုးတဲ့
မာန်ချီကျားဆိုး...
ငါဟာ ခြေသုတ်ပုဆိုးဖြစ်မှန်းမသိဖြစ်ခဲ့....။


တကယ်တော့...ငါဟာ
မာယာများတဲ့ သမင်တစ်ကောင်ပါ
မနာကျင်ဟန်ဆောင်တဲ့ဝက်ဝံတကောင်ပါ
တကယ်တော့ငါဟာ တွင်းထွက်မဟုတ်
မင်းအတွက်မြှုပ်ထားတဲ့ ရတနာအစစ်ပါ....။

အဲဒီလို
အယူခံတွေဝင်ရင်း သေခြင်းတွေ
တထပ်ကြီးနဲ့ ပြတ်သားနေရဲ့လေ....။



ငြိမ်းဇေဦး

Tuesday, January 1, 2008

တယောက်ထဲလွမ်း



တယောက်ထဲလွမ်း

အင်မတန်အေးတဲ့ည၊ လေကလဲကြမ်းလိုက်တာ အိမ်ရှေ့ထင်းရူးပင်တွေအရိုးကွဲနေတယ်ထင်ပ တဟီးဟီးနဲ့ညည်းလို့
နှင်းတွေဖရိုဖရဲခုန်ခုန်ချလာလိုက်တာနစ်လုသင်္ဘောပျက်တစ်စီးပေါ်က သက်ရှိတွေလို။
နက်ပြာရောင်သက္ကလပ်အင်္ကျီရှည်ကြီးကတော့ကုလားအုပ်တစ်ကောင်ကိုခိုလှုံခွင့်ပေးလို့ အဲဒီကုလားအုပ်တစ်ကောင်ကကျနော်ပေါ့။
စီးကရက်တစ်လိပ်ကို တိတ်တိတ် သဘောတူပြီး ကျောခိုင်းခဲ့တဲ့ ... အိပ်ယာတခုထဲ မှာ ..မတူတဲ့အိပ်မက်တွေ တူတူ မက်ခဲ့တဲ့ကောင်မလေးလက်ဆောင်ပေးတဲ့
အပြာရောင်ဇစ်ပိုမီးခြစ်ကလေးနဲ့ သေဒဏ်စီရင်လိုက်တယ် နှုတ်ခမ်းဖျားမှာ
တပြိုင်နက်ထဲလဲကိုယ့်ကိုယ်ကိုယ်မျှင်းသတ်ရင်းပေါ့။

ကြယ်တွေဟာကမာကောင်တွေထဲက ၀တ်လစ်စလစ်ထွက်လာခဲ့တယ် ကောင်းကင်မဲကြီးထဲတဆုပ်ပြီးတဆုပ်ပစ်ချခံလိုက်ရတယ် ...ဒါပေမယ့်အဲဒါမဟုတ်ဘူး ၊
တကယ်တော့ ကောင်းကင်မဲကြီးဟာ အလင်းမဲ့တဲ့မျက်လုံးအိမ်တွေအတွက်ကတော့ တိုးလျိုပေါက်မြင်နိုင်တဲ့နေရာပေါ့ ။
အဲဒီကောင်းကင်မဲကြီးဟာတခါက ဘာမှမရှိတဲ့အရာလေးကို တည်းခိုခွင့်ပေးခဲ့တယ် ပြီးတော့ မွေးအားကောင်းကောင်းနဲ့
အဲဒီဘာမှမဟုတ်တာလေးဟာ ကောင်းကင်မဲကြီးအလစ်အငိုက်မှာ
သူ့မွေးလမ်းကြောင်းကျဉ်းကျဉ်းလေးကမဟုတ်ပဲ သူ့ ကိုယ်သူဖောက်ခွဲပြီး ကောင်းကင်မဲကြီးကို ဇကာပေါက်ဖြစ်သွားစေခဲ့တယ်
ကောင်းကင်မဲကြီးဟာအဲဒီဝန်ထုတ်ဝန်ပိုးတွေနဲ့ တော်တော်နေသားကျခဲ့ပြီးပြီ ။ကျနော်ကအဲဒီ
ကောင်းကင်မဲကြီးထဲကိုချောင်းချောင်းကြည့်ရင်း ကျနော့်ဆံပင်တွေဝဲကျနေတဲ့ပုခုန်းပေါ်မှာ တာဝန်မဲ့မှုတွေကိုထမ်းထားမိတာကြာပေါ့။

ကျနော့် အင်္ကျီရှည်ညာဘက်အတွင်းအိတ်ထဲမှာ တားရော့ကတ်တွေကတထုတ် အဲဒီထဲမှာ ဖမ်းထည့်ထားခဲ့တဲ့
ဇာတ်ကောင်တွေကတော့ ကိုယ်နံ့မရှိတဲ့ကျုပ်ဆီက ရေမွှေးနံ့တွေကိုမျှော်ကောင်းမျှော်နေမှာ..။
ဘယ်ဘက်အတွင်းအိတ်ထဲမှာကတော့ ငွေရောင် စတီးလ်အရက်ပုလင်းပြားလေး အဲဒီအရက်ပုလင်းပြားလေးရဲ့ မောက်မောက်မာမာမျက်နှာပြင်မှာတော့ အသည်းပုံလေးတစ်ပုံ နဲ့ သိုးဆောင်းလိုရေးထားတဲ့ ကိုကို့ ကိုတသက်မခွဲဘူး
ဆိုတဲ့ ပန်းကနုတ်တွေကြားက စာလေးတစ်ကြောင်း ထွင်းထားရဲ့...တကယ်တော့အရက်ကို အချိန်ပိုဆင်းပြီးသောက်တတ်တဲ့အထဲတော့ကျနော်မပါဘူး ဘာပဲဖြစ်ဖြစ် ကျနော် မပိမရိ ညာသမျှ သိသိနဲ့ခွင့်လွှတ်တတ်တဲ့အချစ်ဦးကောင်မလေးလက်ဆောင်ပေးထားတဲ့အတွက် တခါတခါ ကြားဖြတ်အသည်းကွဲမှုတွေပေါ်လာတိုင်း အသုံးပြုဖို့ထည့်ထားတဲ့ရှေးဦးသူနာပြုအရည်တွေကို
ကိုယ်ဝန်ဆောင်လို့ပေါ့ အဲဒီ မောက်မာတတ်တဲ့ အရက်ပုလင်းပြားလေးက။

ကျနော့်အချစ်ဦးကောင်မလေးဝယ်ပေးထားတဲ့ ဒီဇိုင်နာ ချုပ် ဆွယ်တာအင်္ကျီ နက်ပြာပေါ်မှာ ရင်ဘတ်ထုံးတားသလို ဖြူဆွတ်ကြည်လဲ့နေတဲ့အစင်းတွေကိုဖြတ်လို့ ဖြစ်သလိုပတ်ထားတဲ့ လည်ပတ်ကလဲ အညှာကျိုးတဲ့ကြောင်လျှာသီးလိုတွဲလွဲ။
ကျနော့်ရဲ့အညိုရောင်သားရေပျော့နဲ့လုပ်ထားတဲ့ရှူးဖိနပ်ကိုကောက်စွပ်လိုက်မိရင်း...ဘ၀တခုလုံးကိုခြေအေးဝမ်းရောင်ဖြစ်စေတတ်တဲ့ သီချင်းတပုဒ်ကိုငြီးနေမိတယ် ပြီးတော့ အိပ်ဆောင်နာရီဝိုင်းလေးကိုထုတ်ကြည့်လိုက်မိတယ်..၊ စက္ကန့်တံတွေ
နှေးသလောက် လေကြမ်းတွေ ကုတ်ခြစ်တဲ့ဒဏ်နဲ့ ဖွာနေတဲ့ထင်းရူးရွက်အပ်ချောင်းတွေဟာပိုဖွာချိန်မရှိတော့သလို ပြုတ်ထွက်လေဟုန်စီးဖို့ကိုပဲ နွံထဲက ငါးတစ်ကောင်လိုကြိုးစားနေတုန်း။


ကျနော်အိမ်တံခါးကို အသာပိတ်လိုက်တယ် သူခိုးတစ်ယောက် မီးခံသေတ္တာဖွင့်သလို၊ ဈာန်ရနေတဲ့သူတော်စင်တစ်ဦးကျင့်ကြံသလိုဖြေးလေးတိကျမှုတွေနဲ့ ပြီးတော့ အပေါ်ယံက
ကုတ်အင်္ကျီအရှည်အနက်တစ်ထည်ကို ရင်ဘတ်ဆွဲစေ့ရင်း
အိမ်ရှေ့ တံတားလေးအစပ်က ကရေကရာ တွေ ပြန့် ကျဲနေတာနဲ့တူတဲ့  ကျခါစ နှင်းလွှာတွေ ပြောက်တိပြောက်ကျား နိုင်တဲ့ နေရာလေးကိုဖြတ်ခဲ့တယ် .............။
ကျနော့်ရဲ့အညိုရောင် သားရေလက်အိပ်ထဲက လက်တွေဟာ အပေါ်ရုံကုတ်အင်္ကျီအနက်ကြီးရဲ့ အိတ်ပွပွကြီးနှစ်ဘက်ထဲ မွေးကင်းစကလေး အနှီးထုတ်ထဲမှာအိပ်မောကျသလိုထည့်ထားလိုက်တယ်.... ကိုးလှမ်းလောက်လျှောက်ရတဲ့တံတားလေးအဆုံးမှာ....
ကျနော်ရပ်လိုက်တယ်။ ပြီးတော့...ခနတွေးတယ် .......ကောင်းကင်မဲကြီးကိုမော့ကြည့်မိတယ် နှင်းတွေကတော့ ခုန်ချနေဆဲပဲ သူ့ ထက်ငါအလုအယက်.... ၊ တံတားလက်ရမ်းလေးကို မှီပြီး အောက်က ချောင်းငယ်လေး ထဲက ရေခဲလွှာဖြစ်နေတဲ့ မျက်နှာပြင်မှာတော့မီးရောင်ပြန်တွေလင်းနေတာက မျက်လုံးထဲကိုပြေးဝင်လာတယ်...ကျနော်ဆက်ကြည့်နေခဲ့တယ်...........။


ကျနော်သတိဝင်မိတော့............နားရွက်တွေအေးစက်ထုံကျင်နေပြီ...။နှုတ်ခမ်းဖျားတွေ အေးစက်လေးလံနေပြီ ...........ကျနော့်ဆံပင်တွေ စိုခဲစပြုနေပြီ.... ဒါနဲ့ကျနော်လဲ စစ်ဘေးဒုက္ခသည်တစ်ယောက်အသက်လုပြေးသလို ကျနော့်အိမ်ဆီပြန်ပြေးလာခဲ့တယ် ဓါးပြတစ်ယောက်လို တံခါးကို ကသောကမြောဖွင့်လိုက်တယ် ပြီးတော့ ဘယ်မိန်းကလေးမှ မအိပ်ဖူးတဲ့ တခြမ်းစောင်းနေတဲ့ကျနော့်အိပ်ယာထဲကို ပြန်ဝင်ကွေးခဲ့တယ်.................အဲဒီညမှာကျနော့် ညာဘက်အိတ်ကပ်ထဲက တားရော့ကတ်တွေ စကားပြောကြတယ်...
ကျနော် နားမထောင်ဖြစ်ခဲ့ဖူး....ကျနော့်ဘယ်ဘက်အိပ်ကတ်ထဲက ရှေးဦးသူနာပြုရည်တွေကို သုံးလသား မိခင်ရင်သားကို အငမ်းမရစို့သလို စို့လိုက်တယ် ….ပြီးတော့..ကျနော့်ပေါင်ကိုလွမ်းတဲ့ ကွန်ပြူတာပါးပါးလေးမျက်နှာပြင်က ပြုံးပြနေတဲ့ကောင်မလေးကို ကျနော်ပြန်ပြုံးပြလိုက်တယ် အဲဒီတညလုံးသူမကတော့ပြုံးနေမှာအသေအချာပေါ့….။


ငြိမ်းဇေဦး